လန်ဒန် ဇူလိုင် ၅
ဗြိတိန်နိုင်ငံက ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၂၉ ခုနှစ်တွင် ပေါင် ၈၀ ဘီလီယံ သို့မဟုတ် ၎င်း၏ ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ၂ ဒသမ ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဟု ပြောကြားခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ၎င်း၏နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် နေတိုးအဖွဲ့၏ အဓိက ကာကွယ်ရေးအသုံးစရိတ် ရည်မှန်းချက်ကို ပြည့်မီစေရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့ သည်။
နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန်အတွက် အဓိကစိန်ခေါ်မှုမှာ ဘဏ္ဍာငွေ မည်ကဲ့သို့ သုံးစွဲသွားမည်လဲဆိုသည့် အချက်ပင်ဖြစ်ကြောင်းနှင့် လမ်းနှင့် စွမ်းအင်စီမံကိန်းအချို့အတွက် သတ်မှတ်ထားသည့် ငွေကြေးပမာဏကို ကာကွယ်ရေးရန်ပုံငွေအတွက် သုံးစွဲသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် စတားမာက ပြောကြားခဲ့သည်။
အဆိုပါတိုးမြှင့်မည့် ကာကွယ်ရေးအသုံးစရိတ်တွင် ဂျပန်နှင့် အီတလီတို့နှင့်အတူ မျိုးဆက်သစ် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ်၏ ပူးတွဲဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အတွက် ပေါင် ၈ ဘီလီယံ ကျော် ပါဝင်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ ခွဲဝေမှုတို့သည် မကြာမီကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးမည့် အဓိကကိစ္စရပ်များ ဖြစ်လာမည်ဖြစ်သည်။ အစည်းအဝေးသို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လည်း တက်ရောက်မည် ဖြစ်သည်။
ဗြိတိန်နိုင်ငံက အဆိုပါအစည်းအဝေးမတိုင်မီ ၎င်း၏တာဝန်များကို ကျေပွန်ရန် ၎င်း၏ ရပ်တည်ချက်ကို အကဲဖြတ်နေသည်ဟု ယူဆရသည်။ သို့သော် အတိုက်အခံပါတီများနှင့် အာဏာရပါတီအတွင်းရှိ အဖွဲ့ဝင်အချို့ကလည်း အဆိုပါကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးအစီအစဉ်သည် မလုံလောက် သေးကြောင်း ပြောကြားခဲ့သည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်


