နေပြည်တော် ဇူလိုင် ၄

အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီ မြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအား အပြီးတိုင် ဖြိုချဖျက်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင်  အသုံးပြုခဲ့သည့် ပစ္စည်းများအား စနစ်တကျဖျက်ဆီး ခြင်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိရာ  ယနေ့တွင် ရွှေကုက္ကိုလ် နယ်မြေအတွင်းရှိ တရားမဝင် ကိုးထပ်အဆောက် အအုံတစ်လုံးကိုထပ်မံ၍ စနစ်တကျ ဖောက်ခွဲဖြိုချ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက် အအုံ ၅၇ လုံးနှင့်ဖောက်ခွဲ၍ ဖျက်ဆီးမည့် အဆောက် အအုံ အလုံး ၂၀ ဟူ၍ အဆောက်အအုံ  အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပြီး စနစ်တကျဖြိုချဖျက်ဆီးလျက်ရှိရာ ယနေ့တွင် ယာဉ်ယန္တရားဖြင့်ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံး အနက်  ကိုးထပ်အဆောက်အအုံ  တစ်လုံးကို စနစ်တကျ ထပ်မံဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များအနေဖြင့် ယနေ့အထိ အွန်လိုင်းလိမ်လည်လောင်း ကစားလုပ်ငန်းများ  ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် တရားမဝင် အဆောက်အအုံ စုစုပေါင်း ၆၈ လုံးအား စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနှင့် ဖျက်ဆီးရန်ကျန်ရှိ သည့် တရားမဝင်အဆောက်အအုံ ကိုးလုံးကိုလည်း ဆက်လက်၍ စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်