ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီ ဆုလစ်နှင့် ဇနီးတို့က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ
နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်၏ ဖိတ်ကြား ချက်အရ လာအိုပြည်သူ့ဒီမို ကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ဇနီး မစ္စစ် နားလီဆီစုလိတို့က လာအို သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့သည် လာအို သမ္မတအိမ်တော်သို့ ရောက်ရှိကြ ရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ်နှင့် ဇနီး မစ္စစ် နားလီဆီစုလိတို့က ခင်မင် ရင်းနှီးစွာဖြင့် ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဂုဏ်ပြုညစာစားပွဲ ကိုကျင်းပပြုလုပ်ရာ နိုင်ငံတော် သမ္မတနှင့် ဇနီးတို့နှင့်အတူ ခရီးစဉ် တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါသွား သည့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိ ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတနှင့် ဇနီးတို့နှင့်အတူ လာအိုနိုင်ငံအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီး များနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ဦးစွာ နှစ်နိုင်ငံနိုင်ငံတော် သီချင်းကိုဖွင့်လှစ်ပြီး နိုင်ငံတော်သမ္မတနှစ်ဦးက နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ ကိုယ်စား လှယ်အဖွဲ့ဝင်များနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြသည်။
ဂုဏ်ပြုညစာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း လာအိုယဉ်ကျေးမှုအဖွဲ့က နှစ်နိုင်ငံ တေးသီချင်း များဖြင့် သီဆိုတီးမှုတ် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ဂုဏ်ပြုညစာစားပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် လာအို ယဉ်ကျေးမှုအဖွဲ့အား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ နိုင်ငံတော် သမ္မတနှင့် ဇနီးတို့သည် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ ပြုလုပ်သည့် လာအိုသမ္မတ အိမ်တော်မှ ပြန်လည်ထွက်ခွာကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့က ရင်းနှီးနွေးထွေးစွာဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်


