ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး
နေပြည်တော် ဇူလိုင် ၃
လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဆေဆုံဖုန်း ဖုန်ဝိဟိန့် နှင့် လာအိုအမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် လာအိုအမျိုးသား လွှတ်တော်ရုံးသို့ ရောက်ရှိကြရာ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ ဆေဆုံဖုန်း ဖုန်ဝိဟိန့် နှင့်တာဝန်ရှိ သူများက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတနှင့် လာအိုအမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့သည် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် လာအိုအမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးရာတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ် တွင် အဖွဲ့ဝင်အဖြစ်လိုက်ပါသွား ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး လာအိုအမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့်အတူ လာအိုအမျိုးသားလွှတ်တော်မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အနေဖြင့် လာအိုနိုင်ငံသို့ နိုင်ငံတော် အဆင့် ခရီးစဉ်လာရောက်ခြင်းသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် ပထမဆုံးဖြစ်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူများက ရွေးကောက်တင်မြှောက်ထားသည့်လွှတ်တော်နှင့် အစိုးရက နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကဏ္ဍများတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်နိုင်မှုအခန်းကဏ္ဍကို မြှင့်တင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်၍ အစိုးရအဖွဲ့သစ်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက်ရှိသကဲ့သို့ လာအိုနိုင်ငံအနေဖြင့်လည်း မကြာမီ ကာလက ရွေးကောက်ပွဲကျင်းပ၍ အစိုးရအဖွဲ့သစ်မှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်လျက် ရှိခြင်းကြောင့် နှစ်နိုင်ငံအစိုးရအဖွဲ့ အချင်းချင်းနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများ၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများမှ တစ်ဆင့် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုနိုင်သည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးသည့် နိုင်ငံများ ဖြစ်မှု အခြေအနေများ၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် နိုင်ငံတကာဆက်ဆံမှုများ တိုးတက်ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့သည် အာဆီယံအဖွဲ့အတွင်းသို့ တစ်ချိန်တည်း ဝင်ရောက်ခဲ့သည့် နိုင်ငံများဖြစ် သည်နှင့်အညီ အပြန်အလှန် ထောက်ခံအားပေးလျက်ရှိမှု အခြေအနေများ၊ လွှတ်တော်နှစ်ရပ်အကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေးသာမက မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့သည် တက်ရောက် လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတသည် လာအို အမျိုးသားလွှတ်တော်ရုံးမှ ပြန်လည်ထွက်ခွာရာ လာအိုအမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရင်းရင်းနှီးနှီး လိုက်ပါပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


