ရန်ကုန် ဇူလိုင် ၂
သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံဆွေးနွေးပွဲကို ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ကုန်စည်ဒိုင် အပေါ်ဆုံးထပ် အစည်းအဝေးခန်းမ (ဘုရင့်နောင်)၌ ကျင်းပသွားမည်ဖြစ် သည်။
လက်ရှိအချိန်တွင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းကဏ္ဍ၌ ကြုံတွေ့နေရသော လမ်းခရီး စိန်ခေါ်မှုများ၊ မတော်တဆမှုများနှင့် ဆုံးရှုံးနိုင်ခြေ အန္တရာယ်များကို အာမခံစနစ်ဖြင့် မည်သို့ စနစ်တကျ ကာကွယ်စီမံခန့်ခွဲရမည်ကို နှီးနှော ဖလှယ်နိုင်ရန် အထူးပညာပေးဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်သည်။
ယင်းဆွေးနွေးပွဲကို Logistics & Supply Chain Management မဂ္ဂဇင်း၊ မြန်မာနိုင်ငံ အဝေးပြေးကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း (MHFTSA)နှင့် Venture Synergy Co., Ltd တို့ ပူးပေါင်းစီစဉ်၍ EFI General Insurance က အဓိကပံ့ပိုးကူညီ သွားမည်ဖြစ်ပြီး မိမိတို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲကာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန် အသင်းဝင်လုပ်ငန်းရှင်များ၊ ဂိတ်တာဝန်ခံများနှင့် ယာဉ်ပိုင်ရှင်များ တက်ရောက်ကြရန် ဖိတ်ခေါ်ထားသည်။
ဤပွဲသို့တက်ရောက်ခြင်းဖြင့် Green Transport အသိပညာ-သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော မောင်းနှင်မှုစနစ်နှင့် ကုန်တင်ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများ၏ အရေးပါပုံ၊ Panel Discussion (စကားဝိုင်းဆွေးနွေးပွဲ)- နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသော ဒေါ်လှလှရီ၊ ဦးအောင်ဇော်သက်၊ ဦးတင်မောင်ဦးနှင့် ဦးထွန်းနိုင်ဦးတို့ ပါဝင် ဆွေးနွေးမည့် ကုန်စည်ပို့ဆောင်ရေးနှင့် အာမခံကဏ္ဍ စိန်ခေါ်မှုများ၊ မိမိတို့လုပ်ငန်းခွင်၌ လက်တွေ့ကြုံတွေ့နေရသော အာမခံနှင့် လမ်းခရီးအခက်အခဲများကို ပညာရှင်များနှင့် တိုက်ရိုက်မေးမြန်းဆွေးနွေးနိုင်မည်ဟုသိရသည်။
MT


