နေပြည်တော် ဇူလိုင် ၂
၂၀၂၆-၂၀၂၇ ရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၂ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပရာ မြန်မာအမျိုးသမီးကလပ် ဧရာဝတီအသင်း အုပ်စု(F) ၌ ကျရောက်ခဲ့သည်။
ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၂၄ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းအုပ်စု ခြောက်ခုခွဲ၍ သြဂုတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုတစ်ခုစီမှ အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံး တစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။
အုပ်စုခွဲဝေထားမှုအရ အုပ်စု (A) တွင် အရှေ့ဘင်ဂေါ (အိန္ဒိယ)၊ ဆာဘား (မလေးရှား)၊ ရိုဗာ (ဂူအမ်)၊ ရာရှ်ရှာဟီစတား (ဘင်္ဂလားဒေ့ရှ်)၊ အုပ်စု(B) တွင် ကာယာ(ဖိလစ်ပိုင်)၊ TSL(ဟောင်ကောင်)၊ ဖနွမ်းပင်ခရောင်း (ကမ္ဘော ဒီးယား)၊ FC ILbirs (ကာဂျစ္စတန်)၊ အုပ်စု (C) တွင် ဘာနတ် (ယူအေအီး)၊ PFC NASAF(ဥဇဘက်ကစ္စတန်)၊ မာစတာ(လာအို)၊ ရွိုင်ရယ်သီဖူကောလိပ် (ဘူတန်)၊ အုပ်စု (D) တွင် College of Asian Scholars (ထိုင်း)၊ 4.25 FC (မြောက်ကိုရီးယား)၊ ခါရတ်ဆိုင်(မွန်ဂိုလီးယား)၊ S’AMUSER FC (တီမော)၊ အုပ်စု(E)တွင် ဘမ်ခါတွန်(အီရန်)၊ အီတီဟတ်(ဂျော်ဒန်)၊ အယ်လ်နာဆာ (ဆော်ဒီအာရေဗျ)၊ FC CSKA Dushanbe (တာဂျစ်ကစ္စတန်)၊ အုပ်စု(F)တွင် New Taipei City Hang Yuan (တရုတ် တိုင်ပေ)၊ ဧရာဝတီ(မြန်မာ)၊ FC Jurong (စင်ကာပူ)၊ No Limits (လက်ဘနွန်) တို့ ပါဝင်နေသည်။
နောက်ဆုံးအဆင့်တွင် မြောက်ကိုရီးယား၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့်ဗီယက်နမ်ကလပ် တစ်သင်းစီက တိုက်ရိုက်ကစားခွင့်ရထားပြီး ခြေစစ်ပွဲအောင် ခြောက်သင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲကို ၂၀၂၄-၂၀၂၅ ရာသီတွင် စတင်ကျင်းပခဲ့ပြီး ၂၀၂၄-၂၀၂၅ ရာသီ ခြေစစ်ပွဲတွင် မြဝတီအသင်း၊ ၂၀၂၅-၂၀၂၆ ရာသီ ခြေစစ်ပွဲတွင် အား/ကာ သိပ္ပံအသင်းတို့ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။ မြဝတီအသင်းသည် ခြေစစ်ပွဲမအောင်သော်လည်း အား/ကာသိပ္ပံအသင်းက ခြေစစ်ပွဲအောင်မြင်ကာ နောက်ဆုံးအဆင့် တက်ရောက်ကစားခွင့်ရခဲ့သည်။ ယခုရာသီတွင် ဧရာဝတီအသင်းက ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-စိုးညွန့်သော်


