နေပြည်တော် ဇူလိုင် ၁

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၃၈)ကြိမ် မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Amazing Kengtong Resort ဟိုတယ်၌ ကျင်းပရာ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဗိုလ်ချုပ်ကျော်လင်းမောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်မင်းလတ်နှင့် တပ်မတော် အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် Lt. Gen. Warathep Boonya နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ဦးစွာ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ကျော်လင်းမောင်နှင့် ထိုင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya တို့က အမှာစကား ပြောကြားကြသည်။

 

အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် နှိမ်နင်းရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်နေထိုင်မှုနှင့် အွန်လိုင်း လိမ်လည် လောင်းကစားမှု လုပ်ငန်းများ မရှိစေရေးအတွက် တိုက်ဖျက် နှိမ်နင်းရေး လုပ်ငန်းစဉ်များကို နှစ်နိုင်ငံအစိုးရချင်း ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ နယ်စပ်ဒေသတွင် ကဏ္ဍအလိုက် ပူးပေါင်းဆောင် ရွက်မှုကိစ္စရပ်များ၊ အခြားကိစ္စရပ်များနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

 

ညပိုင်းတွင် မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ကျော်လင်းမောင်က ထိုင်း ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt. Gen. Warathep Boonya နှင့် နယ်ခြားကော်မတီ အစည်းအဝေးသို့ တက်ရောက်လာကြသည့် နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များအား စိန်ပန်းနီနီဧည့်ခန်းမ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်း ဧည့်ခံပြီး အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

 

အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် Amazing Kengtong Resort ဟိုတယ်၌ ဆက်လက်ကျင်းပရာ နှစ်နိုင်ငံ ကိုယ်စားလှယ်ခေါင်းဆောင်များ က (၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီအစည်းအဝေး သဘောတူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုး၍ အပြန်အလှန် လဲလှယ်ကြပြီး အမှာစကားများ ပြောကြားကြသည်။

 

ထို့နောက် နှစ်နိုင်ငံကိုယ်စားလှယ် ခေါင်းဆောင်များသည် နှစ်နိုင်ငံ အထိမ်းအမှတ်တံဆိပ်များ အပြန်အလှန်ပေးအပ်ကြသည်။

 

(၃၈)ကြိမ်မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ထိုင်းနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက် ဖူးမြော်ကြည်ညိုခြင်း၊ သူရဲကောင်းဗိမာန်(နေပြည်တော်)သို့ သွားရောက်ကြည့်ရှုလေ့လာ၍ ပန်းခွေချအလေးပြုခြင်း၊ ကျိုင်းတုံ မြို့ရှိ တန်ခိုးကြီးဘုရားစေတီများသို့ သွားရောက်ဖူးမြော်ခြင်းများ ဆောင်ရွက်ကြပြီး နေပြည်တော်နှင့် ကျိုင်းတုံမြို့ရှိ အထင်ကရ နေရာများသို့လည်း သွားရောက် လေ့လာ လည်ပတ်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်