နေပြည်တော် ဇွန် ၃၀

 

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံ B-annex ခန်းမ၌ ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် စွမ်းရည်မြှင့်တင် ရေးဆိုင်ရာ ဥပဒေသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကဏ္ဍဆိုရာတွင် လွှတ်တော်၏ လုပ်ငန်းဆောင်တာများ ပွင့်လင်းမြင်သာရေး၊ ပြည်သူကိုကိုယ်စားပြုရေး၊ နိုင်ငံတကာလွှတ်တော်များ၏ စံချိန်စံညွှန်းနှင့်အညီ ဖြစ်စေရေး၊ ဆက်သွယ်ဆက်ဆံမှုနယ်ပယ် ကြီးမားကျယ်ပြန့်ရေးနှင့် ဒီမိုကရေစီ၏ ပြယုဂ်အဖြစ် ခေတ်မီ သည့်လွှတ်တော်ဖြစ်အောင် တစ်စချင်း၊ တစ်စချင်း ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို အဓိကပံ့ပိုးကူညီသွားကြမည့် လွှတ်တော် ကိုယ်စားလှယ်များ၏ သက်ဆိုင်ရာ ဘာသာရပ်စွမ်းရည်၊ ကျင့်ဝတ်သိက္ခာစသည်များကိုပါ ပိုမိုတိုးတက် ကောင်းမွန်အောင် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်း၏ ရည်ရွယ်ချက်မှာ လွှတ်တော်၏ ဥပဒေပြုရေး၊ ကိုယ်စားပြုရေးနှင့် စောင့်ကြည့်ထိန်းကျောင်း ပူးပေါင်းဆောင်ရွက်ရေး တာဝန်များကို ခေတ်စနစ်နှင့်အညီ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်သော အရည်အချင်းပြည့်ဝသည့် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် ဖြစ်ကြောင်း။

 

လက်တွေ့ဆန်းစစ်လေ့လာ

မိမိတို့ ဥပဒေပြုရေးမဏ္ဍိုင်သည်နိုင်ငံအတွက် အရေးပါသည့် မဏ္ဍိုင်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးသည် ဥပဒေ၏ အကာအကွယ်အောက်တွင် နိစ္စဒူဝလုပ်ငန်းဆောင်တာများကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရန်နှင့် ဥပဒေနှင့်အညီဖြစ်စေရန် စီမံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ယခုသင်တန်းကို ကနဦးအဆင့် သင်တန်းသား ၈၈ ဦးဖြင့် သုံးရက်တာဖွင့်လှစ်သွား မည်ဖြစ်ကြောင်း၊ ဘာသာရပ်များအနေဖြင့်လည်း ဥပဒေကြမ်းရေးဆွဲခြင်း ရေးထုံးရေးနည်းများ ဥပဒေဆိုင်ရာ အတွေးအခေါ်များနှင့် သိမှတ်ဖွယ်ရာများကို မေးမြန်းခြင်း၊ ဖြေကြားခြင်းကဏ္ဍများပါ ပေါင်းစပ်ပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ Case Study အဖြစ် ဥပဒေသုံးခုကိုလည်း လက်တွေ့ ဆန်းစစ်လေ့လာနိုင်ရန် ထည့်သွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

 

ယခုသင်တန်းသည် ဥပဒေသင်တန်းဖြစ်၍ ဥပဒေကြမ်းကော်မတီ တစ်ခုတည်းနှင့်သာ သီးခြား သက်ဆိုင်ခြင်းမဟုတ်ဘဲ လွှတ်တော်၏ကော်မတီ အသီးသီးတွင်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေပြုရေးဆိုင်ရာကိစ္စရပ်များ ပါဝင်နေသောကြောင့် အားလုံးနှင့် သက်ဆိုင်သည့်သင်တန်းတစ်ခု ဖြစ်ကြောင်း၊ မိမိတို့အားလုံး၏ အရည်အသွေးတိုးမြှင့်ရေးကို လေ့ကျင့်ရေးနှင့် တည်ဆောက်ရ မည်သာဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်ကို တစ်ဆင့်ထက်တစ်ဆင့် ပိုမိုပြည့်စုံ ကောင်းမွန်လာအောင် သင်တန်းများက များစွာအထောက်အကူပြုမည်ဟုလည်း ယုံကြည်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သင်တန်းပြီးဆုံးချိန်တွင် သင်တန်းအပေါ် တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို နောင်သင်တန်းများတွင် အားနည်းချက်၊ လိုအပ်ချက်မရှိစေ ရေးအတွက် ပြန်လည်တင်ပြရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဥပဒေပညာရှင် ဒေါ်သန်းသန်းရီက မြန်မာ့ကျောက်မျက်ရတနာဥပဒေ ၄/၂၀၁၉ နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ ၁/၂၀၁၉ ဥပဒေရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးပို့ချရာ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက သိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်