အသီးအရွက်များစားချိန်တွင်  ပါးစပ်ထဲ၌ ဘာတွေဖြစ်နေလဲဆိုသည့်ကိစ္စသည် အသီးအရွက်များနည်းတူ ကျန်းမာရေးအတွက် အရေးပါလှသည်။   လန်ဒန်ဘုရင့်ကောလိပ်မှ   သုတေသီများသည် ယခုအချိန်တွင် မုန်လာဥနီ၊ ဒေါက်ခွရွက်၊ ကိုက်လန်တို့လို နိုက်ထရိတ် ကြွယ်ဝသည့်အသီးအရွက်များ  စားပြီးချိန်တွင်   ပီကေဝါးခြင်းသည် သွေးဖိအားကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။

အသီးအရွက်များတွင် မြေကြီးထဲမှစုပ်ယူထားသော နိုက်ထရိတ်များ ကြွယ်ကြွယ်ဝဝ ပါဝင်သည်။ ထိုနိုက်ထရိတ်များကို ခန္ဓာကိုယ်က မသုံးရသေးခင်  ပါးစပ်ထဲမှာပင်  တံတွေးက နိုက်ထရိုက်အဖြစ် ပြောင်းလိုက်သည်။ နိုက်ထရိုက်သည် သွေးကြောများကို သက်သောင့်သက်သာရှိပြီး  ကျယ်လာစေသည်။ ထို့ကြောင့် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး သွေးတိုးကျစေနိုင်သည်။

လန်ဒန်ဘုရင့်ကောလိပ်မှ ဒေါက်တာအင်ဒရူးဝက်ဘ်က “တံတွေးထဲကအက်ဆစ်ပမာဏများရင် နိုက်ထရိတ်ကနေ နိုက်ထရိုက်ပြောင်းတဲ့ လုပ်ငန်းစဉ်  ပိုတိုးတက်လာတာကို သုတေသနအများစုက ပြထားပြီး သားပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဂရိတ်ဖရုဖျော်ရည်နဲ့ မုန်လာဥနီဖျော်ရည် ရောသောက်ရင် တံတွေးထဲကအက်ဆစ်ဓာတ်တွေ လျော့ကျသွားတာကို ကျွန်တော်တို့တွေ့ထားတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့က တံတွေးထဲမှ အက်ဆစ်ဓာတ်မြင့်တက်ပြီး နိုက်ထရိတ်ကနေ နိုက်ထရိုက် ပြောင်းတဲ့ လုပ်ငန်းစဉ်ကို ပိုကောင်းစေမယ့် ဆန့်ကျင်ဘက်ဖြစ်စဉ်ကို ရှာဖွေချင်ခဲ့ကြတာ”ဟု ရှင်းပြသည်။

ထိုသို့ရှာဖွေရင်း ပီကေဝါးခြင်းသည် တံတွေးထဲမှ အက်ဆစ်ဓာတ်ကို မြင့်တက်စေနိုင်ပြီး နိုက်ထရိုက် ပြောင်းသည့်လုပ်ငန်းစဉ်ကို တိုးတက်စေကာ သွေးကြောများအတွက် ကောင်းမွန်သည့်အကျိုးဆက် ရရှိစေနိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ပီကေများထဲမှာပင် သကြားပါသောပီကေက  သကြား မပါသော ပီကေထက် ၂၅ ရာခိုင်နှုန်း ပိုမိုထိရောက်မှုရှိသည်ကိုလည်း တွေ့ရှိခဲ့ကြသည်။ သို့သော် ထိုသို့အကျိုးသက်ရောက်မှုမှာ ယာယီကာလတိုအတွင်းသာဖြစ်၍ သွေးတိုးကုထုံးတစ်ခုအနေဖြင့် မသုံးသင့်ကြောင်းလည်း ဒေါက်တာဝက်ဘ်က သတိပေးထားသည်။                    

Ref: scitechdaily