နီဇော်သစ်
အဋ္ဌမမြောက်ဇာတ်လမ်းကို အလုပ်အကိုင်ကယ်တင်ရှင် (Job Savior)ဟု အမည်ပေးထားသည်။ ထိုခေါင်းစဉ်ကြောင့် အေအိုင်ကို ကျွန်တော်တို့ အများစုမြင်နေသလို အလုပ်အကိုင်များတွင် လူသား တို့နေရာ၌ အစားထိုးဝင်လာသော်လည်း အလုပ်အကိုင်သစ်များ လောက်လောက်ငင ဖန်တီး ပေးမည့်အကြောင်းဟု ထင်လိုက်မိသည်။ သို့သော် လီခိုင်ဖု၏အမြင်တွင်လည်း အေအိုင်၏ အလုပ်အကိုင်အစားထိုးဝင်ရောက်မှုမှ လူသားတို့ လွတ်မြောက်ရေးမှာ စိတ်မချမ်းမြေ့ဖွယ်ရာအနေအထားမှာပင်ရှိနေသည်။ ဖန်တီးမှု၊ ကရုဏာတရား၊ လက်မှုကျွမ်းကျင်အလုပ်များကိုသာ အေအိုင်က ဝင်မရှုပ်နိုင်ဟု လီခိုင်ဖုက ဆိုသည်။ သို့ဆိုလျှင် အေအိုင်က အစားထိုးဝင်ရောက်နိုင်သည့်လုပ်ငန်း လောကများကရော ဘာလုပ်နိုင်မလဲ။ သူက ပြန်လည်သင်ယူ (Relearn)၊ ပြန်လည်ချိန်ကိုက် (Recarlibrate)၊ ပြန်လည်နိုးထ (Renaissance)ဆိုသည့် R သုံးလုံးကို ပြထားသည်။
ဆိုလိုသည်မှာ အေအိုင်က အစားဝင်သွားသော ကိုယ့်ကျွမ်းကျင်မှုအတွက် အရည်အသွေးသစ်များ ပြန်သင်ယူရမည်။ သင်ယူရုံနှင့်မပြီး အေအိုင်နှင့်ချိတ်ဆက်ပြီး ဘယ်လိုလုပ်ရမလဲ၊ အေအိုင်ကို ဘယ်လိုအသုံးချရမလဲဆိုသည်ကို ချိန်ညှိရမည်။ အရည်အချင်းသစ်များရရှိလာပြီး အေအိုင်ကိုလည်း ကိရိယာတစ်ခုကို ကိုင်တွယ်အသုံးချနိုင်ပြီဆိုလျှင် ဖန်တီးမှုရှိသော၊ လူသားဆန်သော၊ စိတ်ခံစားချက်ပါမှ လုပ်၍ရနိုင်သောအလုပ်များကို ရွေးချယ်လုပ်ကိုင်ရမည်ဟု ဆိုလိုသည်။ သို့သော် ထိုသို့အလုပ်သစ်လုပ်နိုင်ရုံဖြင့် အဆင်ပြေသွားပြီလားဟုလည်း သူက ထပ်ပြီး မေးခွန်းထုတ်ထားသည်။ လူသားတို့အတွက် အလုပ်သည် ဝင်ငွေရရုံ သက်သက်မဟုတ်။ ကိုယ့်တန်ဖိုးကို ခံစားရသည့် နေရာ၊ လူမှုအသိုင်းအဝိုင်းနှင့် ချိတ်ဆက်ပေးသည့် နေရာ၊ ဘဝ၏ရည်ရွယ်ချက်ကို ရှာဖွေပေးသည့် နေရာဖြစ်သည်။ ထိုအချက်များရော အဆင်ပြေသွားမလား။
ဤဇာတ်လမ်းတွင် စက်ရုပ်များတိုးတက်လာခြင်း၊ ကော်လာဖြူအလုပ်များကို စက်ရုပ်များက အစားထိုးလာခြင်း၊ လူသားနှင့် အေအိုင်ပူးပေါင်း ဆောင်ရွက်မှုတိုးတက်လာခြင်း၊ ဘဝတစ်သက်တာ သင်ယူမှုမှာ ပုံမှန်ဖြစ်လာခြင်း၊ အသက်မွေးဝမ်းကျောင်းတစ်ခုတည်းဖြင့် ဘဝရပ်တည်ဖို့ မလုံ လောက်တော့ခြင်းဆိုသည့် အနာဂတ်လမ်းကြောင်းများကို လှမ်းမြင်ရသည်။ ပါဝါပြန်လည်ဖြန့်ဝေမှု ရှုထောင့်မှကြည့်လျှင် အရင်ဆုံး အေအိုင်က လုပ်သားတို့ထံမှ ပါဝါကိုယူသွားသည်။ အလိုအလျောက် လုပ်နိုင်စွမ်းရှိသော ပလက်ဖောင်းများ၊ စက်ရုပ်များကို ပိုင်ဆိုင်သည့်လုပ်ငန်းများက အလုပ်အကိုင် ဈေးကွက်ကို လွှမ်းမိုးလာသည်။ သို့သော် လူသားတို့တွင် ပြန်လည်နိုးထခြင်းဖြင့် ပါဝါပြန်ရအောင်လည်း လုပ်နိုင်သည်။ အရည်အသွေးမြှင့်တင်နိုင်သူ၊ အေအိုင်နှင့် ပူးပေါင်းနိုင်သူ၊ အမြဲပြောင်းလဲဖို့ အဆင်သင့်ရှိနေသူတို့ ပါဝါပြန်ရနိုင်သည်ကို တွေ့ရမည်ဖြစ်သည်။ အေအိုင်က “ဘယ်အလုပ်တွေကို အလိုအလျောက် လုပ်လို့ရအောင်လုပ်နိုင်လဲ” ဆိုသည့်မေးခွန်းကို ဖြေပေးသည်။ လူသားတို့အတွက်ကတော့ “ဘယ်အလုပ်က ဘဝကိုအဓိပ္ပာယ်ရှိစေသလဲ”ဆိုသည့်မေးခွန်းကို ဆက်ဖြေနေရဦးမည် ဖြစ်သည်။
နောက်တစ်ပုဒ်က ပျော်ရွှင်ခြင်းကျွန်း (Isle of Happiness)။ အသက် ၄၀ အောက် အောင်မြင်မှုအမြင့်မားဆုံး စွန့်ဦးတီထွင်သူတစ်ယောက်သည် စီအီးအို၊ စီးပွားရေးဉာဏ်ကြီးရှင်၊ မီဒီယာကြယ်ပွင့်၊ အောင်မြင်မှုဂုရုကြီးလုပ်နေရသည်ကို ငြီးငွေ့ကာ ဘယ်သူမှမသိအောင် ခြေရာဖျောက်သွားပြီး ကျွန်း တစ်ကျွန်းပေါ်သို့ သွားခဲ့သည့်အကြောင်းဖြစ်သည်။ သူ့စီးပွားရေးက အာရှအရှေ့မြောက်ပိုင်းတွင် အီလက်ထရွန်နစ် အားကစားတစ်ခုကို အခြေပြုထားသည့် ခရစ်ပတိုငွေကြေးသုံး လောင်းကစား တစ်မျိုးဖြစ်ပြီး နှစ်အနည်းငယ်အတွင်းမှာပင် သူ့ကိုအလွန်ချမ်းသာ ကြွယ်ဝလာစေခဲ့ခြင်းဖြစ်သည်။ ဤနေရာတွင် မေးခွန်းမှာအေအိုင်က ပိုမြန်အောင် လုပ်ပေးနိုင်သည်၊ ပိုချမ်းသာအောင် လုပ်ပေးနိုင်သည်၊ ပိုထိရောက်အောင် လုပ်ပေးနိုင်သည်။ သို့သော် ပျော်အောင်လုပ်ပေးနိုင်ပါသလား။
ဇာတ်လမ်းထဲတွင် အရှေ့အလယ်ပိုင်းမှ ဘုရင်တစ်ပါးက သူ့ပြည်သူများကို အေအိုင်သုံးပြီး ပျော်ရွှင်အောင်လုပ်ပေးချင်သည်။ သို့သော် ပြဿနာမှာ အေအိုင်မဟုတ်။ ခေတ်အဆက်ဆက် ပျော်ရွှင်မှု ဒဿနပညာရှင်များ တွေ့မြင်ခဲ့ကြသည့်အတိုင်းပင် ပျော်ရွှင်မှုကိုယ်တိုင်က ပြဿနာဖြစ်သည်။ ပျော်ရွှင်မှုကို ဘယ်လိုတိုင်းတာမလဲ။ ဝင်ငွေလား။ ကျန်းမာရေးလား။ လွတ်လပ်ခွင့်လား။ မိသားစုလား။ ဘဝအဓိပ္ပာယ်လား။ အဖြေများမှာ တူညီကြမည်မဟုတ်။ ပျော်ရွှင်မှုကို ဘယ်လိုအဓိပ္ပာယ်ဖွင့်မလဲ။ ယခုအချိန်အထိ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိ။ လီခိုင်ဖု၏ ၂၀၄၁ ခုနှစ်တွင်လည်း မရှိ။ နောက်လည်း ရှိမည့်ပုံမပေါ်။ ကိုယ်ပိုင်စရိုက်လက္ခဏာတို့နှင့် ပတ်သက်လာသည်။
ကိုယ်ပိုင်စရိုက်လက္ခဏာဟုဆိုလျှင် ပုဂ္ဂိုလ်ရေးနှင့် အချက်အလက်များပါလာသည်။ အချက်အလက်များသည် အေအိုင် အကျွမ်းကျင်ဆုံးကဏ္ဍ။ “အေအိုင်က ကိုယ့်အကြောင်း ကိုယ့်ထက်ပိုသိနေလျှင် ပါဝါက ဘယ်သူဆီမှာရှိနေမလဲ”ဟု လီခိုင်ဖုက မေးခွန်းထုတ်သည်။ တကယ်တမ်း အေအိုင်က လူတစ်ယောက်ကို ပျော်ရွှင်အောင်လုပ်ပေးဖို့ ကြိုးစားသည်ဆိုလျှင် ယင်းမှာ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပညာရေးတို့အပြင် စိတ်ဆန္ဒထဲအထိ ဝင်ရောက်လာခြင်းဖြစ်သည်။ သို့သော် ပျော်ရွှင်မှုမှာ အယ်လ်ဂိုရစ်သမ်ဖြင့် ချိန်ညှိ၍ရနိုင်သော ပြဿနာတစ်ခုမဟုတ်ပါ။ ဤဇာတ်လမ်းတွင် လူတို့၏ စိတ်ခံစားချက်များကို ဖြည့်ဆည်းပေးသော အေအိုင်နည်းပညာတိုးတက်လာခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်စီကို ရည်ရွယ်၍ ဈေးကွက်ရှာဖွေမှု အရှိန်မြင့်လာခြင်း၊ စိတ်ကျန်းမာရေး စောင့်ရှောက်မှုတွင် အေအိုင်၏အသုံးဝင်မှု မြင့်တက်လာခြင်း၊ ထိုကိစ္စတို့အတွက် အေအိုင်အုပ်ချုပ်မှုနှင့် အေအိုင်ဥပဒေပိုင်းပါ လိုက်ပါလာရခြင်းတို့ကို ထည့်သွင်းဖော်ပြထားသည်။
နောက်ဆုံးအပုဒ်ကတော့ ပေါကြွယ်အိပ်မက် (Dreaming of Plenitude)။ ဤဇာတ်လမ်းမှာ လီခိုင်ဖု၏ အေအိုင်နှင့်ပတ်သက်ပြီး အဝေးဆုံးအကောင်းမြင်သဘောထားဟု ဆိုနိုင်သည်။ အေအိုင်ကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များ မရှိသလောက်ကျဆင်းသွားပြီး လူသားသမိုင်းတွင် ပထမဆုံးအကြိမ် ကပ်ကြီးသုံးပါးကို ကျော်လွှားနိုင်မည်ဟု စိတ်ကူးထားခြင်းဖြစ်သည်။ တစ်နည်းပြောရလျှင် ကျွန်တော်တို့ စနစ်အမျိုးမျိုးကြံဆပြီး ခေတ်အဆက်ဆက်မက်ခဲ့ကြသည့်အိပ်မက်ကို အေအိုင်အကြောင်းပြု၍ ဆက်မက်ခြင်းသာ။ ဇာတ်လမ်းထဲက ဩစတြေးလျနိုင်ငံတွင် ငွေကြေးနှစ်ရပ် အသုံးပြုသည်။ တစ်မျိုးက လူတိုင်းအတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးမည့် ငွေကြေး၊ နောက်တစ်မျိုးက လူ့အဖွဲ့အစည်းအတွက် အကျိုးပြုသော လုပ်ဆောင်ချက်များ လုပ်ကိုင်ရင်းရလာသည့် ဂုဏ်သိက္ခာငွေကြေး။
ဇာတ်လမ်းက ဘဝတစ်လျှောက်လုံး သန္တာကျောက်တန်းတွေရဲ့ ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်တာပဲ လုပ်လာခဲ့ရာကနေ အသက် ၇၀ ကျော်လာတဲ့အချိန်မှာ အယ်လ်ဇိုင်းမားရောဂါကို စတင်ခံစားလာရပြီးတော့ ဩစတြေးလျက အေအိုင်အငြိမ်းစားရွာမှာ နေထိုင်နေတဲ့ ကမ္ဘာကျော်အမျိုးသမီးကြီး တစ်ယောက်နဲ့ သူ့ကိုပြုစုစောင့်ရှောက်ဖို့ တာဝန်ပေးခံရတဲ့ မိန်းကလေးတစ်ယောက်အကြောင်းဖြစ်သည်။ ထိုဇာတ်လမ်းထဲမှ လီခိုင်ဖု၏ အဓိကစိတ်ကူးမှာ ယနေ့ခေတ်တွင် ပါဝါသည် ပိုက်ဆံရှိသူများလက်ထဲတွင် အများဆုံးရှိနေရာမှ ပေါကြွယ်ခေတ်တွင် ဂုဏ်သိက္ခာဆီသို့ ကူးပြောင်းသွားခြင်းဖြစ်သည်။ သို့သော် ဂုဏ်သိက္ခာနှင့်ပတ်သက်၍ အကဲဖြတ်မှုကို အေအိုင်ကလုပ်နေသည်ဆိုပါက ပါဝါသည် ဘယ်သူ့ထံတွင်ရှိနေမည်နည်း။ လူတို့သည် ပိုက်ဆံရဖို့ အလုပ်လုပ်နေသည်လား။ ဘဝအဓိပ္ပာယ်အတွက် အလုပ်လုပ်နေကြသည်လား။ အခြေခံလိုအပ်ချက်များအတွက် ပိုက်ဆံရဖို့ အလုပ်လုပ်နေရသည်ဆိုလျှင် အခြေခံလိုအပ်ချက်များ ရပြီးသားပေါကြွယ်ခေတ်တွင် ဘဝအတွက် အဓိပ္ပာယ်ရှိသည့်အလုပ်များကိုလုပ်ပြီး ဂုဏ်သိက္ခာ ပိုက်ဆံကိုသုံးကာ နေထိုင်နိုင်မလား။ ထိုသို့နေထိုင်လျှင် ပျော်ရွှင်ရမလား။
ဉာဏ်ရည်တုလှိုင်းများ ခေါင်းစဉ်အောက်တွင် အေအိုင်၏ စွမ်းဆောင်ရည်၊ အေအိုင်ကိုပေးသည့် လုပ်ပိုင်ခွင့်တို့ကို မူတည်၍ အေအိုင်နည်းပညာ ပြောင်းလဲတိုးတက်လာပုံတို့ကို တင်ပြခဲ့ပြီးသည့်နောက် ထိုပြောင်းလဲတိုးတက်မှုများ၏ အနာဂတ်အကျိုးဆက်များကိုဆွေးနွေးဖို့ ပြင်ဆင်ရာတွင် တရုတ်အေအိုင်ဂုရုကြီး လီခိုင်ဖု၏ 2041 စာအုပ်ထဲမှ ဇာတ်လမ်း ၁၀ ပုဒ်ကို ယူသုံးခဲ့ခြင်းဖြစ်ပါသည်။ ဝန်ခံရလျှင် ထိုအကျိုးဆက်များကို ကျွန်တော်ကိုယ်တိုင်တွေးဆိုလျှင် ခြေဖျားပင်မမီနိုင်ပါ။ ထို့ကြောင့် အေအိုင်ဂုရုကြီးတစ်ယောက်၏ အနမတဂ္ဂဉာဏ်ကိုသုံးပြီး အကျိုးဆက်များကို ပေါင်းစပ် ကာ နောက်အပတ်များတွင် ဆက်လက်ဆွေးနွေးသွားပါမည်။


