ရန်ကုန် ဇွန် ၂၇

 

မြန်မာအနုညာတခုံသမာဓိများ အဖွဲ့မိတ်ဆက်ခြင်းနှင့် အနုညာတခုံရုံးသရုပ်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ကုန်သည်/ စက်မှုအသင်းချုပ် မင်္ဂလာခန်းမ၌ ကျင်းပသည်။

 

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ (UMFCCI) Senior Executive Advisor ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ Senior Executive Advisor က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကာ မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာနဥက္ကဋ္ဌ မြန်မာအနုညာတခုံသမာဓိများအဖွဲ့၏ Founding Father ဖြစ်သူ ဒေါက်တာမောင်မောင်သိမ်းက ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ မိတ်ဆက်စကားပြောကြားသည်။ 

 

ယင်းနောက် သရုပ်ပြအနုညာတခုံရုံးနှင့် ပတ်သက်၍ ဦးအောင်မိုးသူက ဖတ်ကြားတင်ပြပြီး သရုပ်ပြအနုညာတခုံရုံးတွင် ပါဝင်ဆောင်ရွက်မည့်ပုဂ္ဂိုလ်များကို မိတ်ဆက်၍ သရုပ်ပြအနုညာတခုံရုံး၏ အမှုကိစ္စရပ်များကို စတင်သရုပ်ပြဆောင်ရွက်ကြသည်။

 

ဆက်လက်၍ သရုပ်ပြအနုညာတခုံရုံးနှင့်ပတ်သက်၍ ဒေါက်တာ မောင်မောင်သိမ်းက အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးပြီး ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေးကြသည့် ကုမ္ပဏီများနှင့် ဘဏ်များအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အောင်မြင့်(ပြန်/ဆက်)