ရန်ကုန်   ဇွန်    ၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍  Max Energy  ၏   အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲ ပွဲစဉ်(၂) နောက်ဆုံးနေ့ကို ဇွန် ၂၄ ရက်က ပဒုမ္မာကွင်း၌ ကျင်းပရာ  သစ္စာအားမာန်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း        တစ်ဂိုးစီသရေကျခဲ့သည်။

အဖွင့်ပွဲအရေးနိမ့်ထားသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး နောက်ကျဂိုးများဖြင့် သရေကျခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးရခဲ့သော်လည်း  နာကျင်အချိန်ပိုတွင်  ပေးလိုက်ရသည့် ဂိုးကြောင့် နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည်  အာဖရိကကစားသမားသုံးဦး ခေါ်ယူထားသော်လည်း ယခုပွဲတွင် ပါဝင်နိုင်ခြင်းမရှိသေးဘဲ ပြည်တွင်းကစားသမားများဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးကို ၈၃ မိနစ်တွင် နန့်မေသဇင်က သွင်းယူပြီး သစ္စာအားမာန်အသင်း အတွက်  ချေပဂိုးကို  ၉၀+၂  မိနစ်တွင်  ဝင်းဝင်းက သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆု(AYA Pay player of the Match)ကို ဝင်းဝင်း(သစ္စာအားမာန်) ကရရှိပြီး အမှတ်တရ ဆုနှင့် ဆုကြေးငွေကျပ် ငါးသိန်းရရှိသည်။

ပွဲစဉ်(၂) အပြီးတွင် လက်ရှိချန်ပီယံ ဧရာဝတီအသင်း၊ အားကာသိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့က ခြောက်မှတ်စီရထားပြီး ဧရာဝတီအသင်းက ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်နေသည်။ ယင်းအသင်းများနောက်တွင် ရတနာပုံအသင်း၊ ဇွဲကပင်ယူနိုက်တက် အသင်းနှင့်   Young   Lionesses   အသင်းတို့က သုံးမှတ်စီ၊    ရှမ်းယူနိုက်တက်အသင်းနှင့်    သစ္စာအားမာန်အသင်းတို့က  တစ်မှတ်စီ၊  မြဝတီအသင်းနှင့်   ရန်ကုန်စီးတီးအသင်းတို့က  နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။

သတင်း - ကိုညီလေး

ဓာတ်ပုံ - MWL