နေပြည်တော် ဇွန် ၂၄

 

နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူ အကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံ အန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ အဆက်မပြတ် အရှိန်အဟုန်မြှင့်တင် ပြတ်ပြတ်သားသား နှိမ်နင်းတိုက်ဖျက်လျက်ရှိသည်။ 

 

ဖမ်းဆီးရမိ

 

ထိုကဲ့သို့ လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် ရှာဖွေဖော်ထုတ်စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား လေးဦးအား ဖုန်းမျိုးစုံ ၃၄ လုံး၊ All In One ကွန်ပျူတာရှစ်လုံး၊ အင်ဗာတာ တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်