ကိုလံဘီယာအသင်းဟာ ဇွန် ၂၄ ရက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်ဂိုအသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ အနိုင်ရပြီး ကမ္ဘာ့ဖလား ၃၂ သင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ကိုလံဘီယာအသင်းနဲ့ ကွန်ဂိုအသင်းတို့ပွဲစဉ်မှာ ကိုလံဘီယာအသင်းက ဒုတိယပိုင်းပွဲကစားချိန် ၇၆ မိနစ်မှာရရှိခဲ့တဲ့ မူနော့ရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဲဒီနိုင်ပွဲကြောင့် အုပ်စုအဆင့်နှစ်ပွဲကစားပြီးချိန်မှာ ရမှတ်ခြောက်မှတ်နဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်မယ့် အခွင့်အရေးရရှိခဲ့တာဖြစ်ပါတယ်။
အခြားသောပွဲစဉ်တွေထဲမှာ ပေါ်တူဂီအသင်းက ဥဇဘက်ကစ္စတန်အသင်းကို ငါးဂိုးပြတ်နဲ့ အနိုင်ရပြီး ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတွေကို စီရိုနယ်လ်ဒိုကနှစ်ဂိုး၊ မန်ဒက်ကတစ်ဂိုး၊ ရာဖေးလ်လီယိုက တစ်ဂိုးနဲ့ ဥဇဘက်ကစ္စတန်အသင်းကစားသမား နီမာတော့ဗ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိသလိုဖြစ်ခဲ့တဲ့ သွင်းဂိုးတစ်ဂိုးတို့ကြောင့် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ပေါ်တူဂီအသင်းနဲ့ ဥဇဘက်ကစ္စတန်အသင်းတို့ပွဲစဉ်မှာ သွင်းဂိုးနှစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ ကစားသမားဘဝ ပါဝင်ကစားခွင့်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလားခြောက်ကြိမ်စလုံး ဂိုးသွင်းယူ နိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။
အခြားသောပွဲစဉ်တွေမှာတော့ ခရိုအေးရှားအသင်းက ပနားမားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အင်္ဂလန်အသင်းနဲ့ ဂါနာအသင်းတို့ပွဲစဉ်မှာတော့ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
ငွေကြယ်


