နေပြည်တော် ဇွန် ၂၄ 

 

တပ်မတော်စစ်ကြောင်းများသည် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ယာယီစိုးမိုးထားသော မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းပိုင်းတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကလေးဝ-ယာကြီး-မုံရွာ လမ်းကြောင်းတစ်လျှောက်အား ပြန်လည်ထိန်းချုပ် ဖွင့်လှစ်ပေးနိုင်ရေးအတွက် လိုအပ်သည့်ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ပြီး စစ်ကြောင်းများခွဲကာ ဇွန် ၂ ရက်မှစတင်၍ နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ခဲ့ရာ ဇွန် ၂ ရက်တွင် ရေလယ်ကျွန်းကျေးရွာအား လည်းကောင်း၊ ဇွန် ၃ ရက်တွင် ကျောက်လုံးကြီးတဲစုကျေးရွာအားလည်းကောင်း၊ ဇွန် ၆ ရက်တွင် ချောင်းမကျေးရွာနှင့် အောင်မင်္ဂလာကျေးရွာတို့အား လည်းကောင်း၊ ဇွန် ၇ ရက်တွင် သစ်ရာပင်လမ်းဆုံအားလည်းကောင်း၊ ဇွန် ၈ ရက်တွင် သစ်ရာပင်ကျေးရွာအား လည်းကောင်း၊ ဇွန် ၉ ရက်တွင် ဝင်းကုန်းကျေးရွာအားလည်းကောင်း၊ ဇွန် ၁၁ ရက်တွင် ညောင်ပင်လယကျေးရွာအားလည်းကောင်း၊ ဇွန် ၁၃ ရက်တွင် ယာကြီးကျေးရွာအား လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ကွမ်းပင်ရေနှင့် ဇွန် ၁၈ ရက်တွင် လာပို့ကျေးရွာအားလည်းကောင်း၊ ဇွန် ၂၁ ရက်တွင် စစ်လင်းချောင်းကျေးရွာအား လည်းကောင်း၊ ဇွန် ၂၂ ရက်တွင် ထုံးကြီးကျေးရွာအားလည်းကောင်း အဆင့်ဆင့် ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကာ ယမန်နေ့ ဇွန် ၂၃ ရက်တွင် ကျော်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာရှိ လခရတပ်ဖွဲ့များနှင့် ပူးပေါင်း၍ ကျေးရွာတစ်ဝိုက် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ဆောင်ရွက်

 

တပ်မတော်စစ်ကြောင်းများသည် အဆိုပါလမ်းတစ်လျှောက်၌ နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူအလောင်းများ၊ လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများနှင့် အခြေပြုစခန်းနေရာများအား သိမ်းပိုက်ရရှိခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် ထိခိုက်သေဆုံးမှုများစွာဖြင့် ဖရိုဖရဲ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။ ထို့ပြင် တပ်မတော်စစ်ကြောင်းများအနေဖြင့် လာပို့ကျေးရွာနှင့် ကျော်ကျေးရွာအကြားရှိ လမ်းကြောင်းတစ်လျှောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာ ထောင်ထားသည့် မိုင်းများအား ဒေသခံပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

တပ်မတော်အနေဖြင့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုနှင့် ဒေသတွင်း ကုန်စည်ပို့ဆောင်မှုများအတွက် အရေးပါလှသည့် အဆိုပါ ကလေးဝ-ယာကြီး-မုံရွာလမ်းကြောင်းအား ဒေသခံပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနေထိုင်နိုင်ရေးအတွက် အမြန်ဆုံးအပြည့်အဝ ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် နှောင့်ယှက်ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များအား အကြမ်းဖက်ချေမှုန်းမှု စစ်ဆင်ရေး (Counter–Terrorism Operation) ဖြင့် ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်