နေပြည်တော် ဇွန် ၂၃

 

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်းသည် ဇနီး ဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန် နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းတပ်နယ်ရှိ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။

 

ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်းက အမှာစကားပြောကြားရာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အာဏာရပါတီအနေဖြင့် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် အညီ နိုင်ငံတော်၏ တာဝန်အရပ် ရပ်ကို တပ်မတော်က တာဝန်ယူထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း။

 

ထို့သို့ နိုင်ငံတော်၏ တာဝန်အား တပ်မတော်က ဆောင်ရွက်ခဲ့ရမှုအပေါ် မသမာသူများ၏ သွေးထိုး မြှောက်ပင့်မှုများကြောင့် ဆူပူမှုမှတစ်ဆင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာသည်အထိ ဖြစ်ပေါ်ခဲ့ရကြောင်း၊ တပ်မတော်အနေဖြင့် အဆိုပါအကြမ်းဖက်လုပ်ရပ်များကို ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း၊ နိုင်ငံတော်မပြိုကွဲရန်နှင့် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ မထိပါးစေရန်အတွက် အသက်ကို ပဓာနမထားဘဲ ကိုယ်စွမ်းရှိသရွေ့၊ ဉာဏ်စွမ်းရှိသရွေ့ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား အသိ အမှတ်ပြု ဂုဏ်ယူပါကြောင်း။

 

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် အဖွဲ့အစည်းများက နိုင်ငံရေးအကြောင်းပြ၍ ဆူပူအကြမ်းဖက်မှု လုပ်ငန်းများကို လုပ်ဆောင်နေခြင်းကြောင့် တပ်မတော်အနေဖြင့် တည်ငြိမ် အေးချမ်းရေးအတွက် နိုင်ငံအနှံ့လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အား အပြည့်အဝ ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် တပ်မတော်သည် အင်အား တောင့်တင်းခိုင်မာရန်လိုကြောင်း၊ ထိုသို့အင်အားတောင့်တင်း ခိုင်မာရန်အတွက် တပ်မတော်သားများ အနေဖြင့် ခြေလျင်၊ ခြေမြန်၊ လက်ရုံးတပ်ဖွဲ့ဟူ၍ မခွဲခြားဘဲ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် နိုင်ရေးအတွက် အမြဲအသင့်ဖြစ်နေအောင် လေ့ကျင့်နေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် သင်တန်းကျောင်းများမှ အဆင့်အလိုက် သင်ကြားပေးလိုက်သည့် စစ်အတတ်ပညာများ၊ စစ်နည်းဗျူဟာများကို လက်တွေ့နယ်ပယ်တွင် ကြုံတွေ့ရသည့် အတွေ့ အကြုံများနှင့် ပေါင်းစပ်၍ စစ်ဆင်ရေးတာဝန်များတွင် အောင်မြင်အောင် ထမ်းဆောင်ကြရန် လိုကြောင်း၊ အလားတူ တိုးတက်ပြောင်းလဲလျက်ရှိသည့် စစ်အတတ်ပညာများကိုလည်း စဉ်ဆက်မပြတ် လေ့လာနေကြရန်လိုကြောင်း။

 

တပ်မတော်သားများ ဖြစ်သည့်အတွက် စည်းကမ်းစနစ်တကျဖြင့် ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ သို့မှသာ ပေးအပ်လာသည့် အမိန့်နှင့်တာဝန်များကို တစ်ဦးတစ်ယောက်ချင်းမှစ၍ အဖွဲ့အစည်း အလိုက် ကျေပွန်စွာထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် တစ်ဦးချင်း၏ တိုက်စွမ်းရည်များ တိုးတက်နေစေရန် အမြဲမပြတ် လေ့ကျင့်ဆောင်ရွက်နေရန်လိုကြောင်း၊ စွမ်းရည် ထက်မြက်သော တပ်မတော်ဖြစ်စေရေးအတွက် တပ်မတော်သားတိုင်း အမိန့်နာခံတတ်မှုရှိပြီး ရဲဘော်စိတ်ဖြင့် ကိုယ်စီတာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။

 

စစ်သည်တစ်ဦးချင်းအလိုက် မိမိတတ်ကျွမ်းရမည့် စစ်အတတ်ပညာများကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းအောင် လေ့ကျင့်နေရမည်ဖြစ်ကြောင်း၊ သင်တန်းကျောင်းများမှ သင်ကြားပေးသည့် စစ်အတတ်ပညာများကို မိမိစစ်ဆင်ရေးတာဝန် ထမ်းဆောင်ရမည့်နယ်မြေ၊ ရန်သူအပေါ် မူတည်ပြီး မြေပြင်အခြေအနေနှင့်အညီ ကိုက်ညီအောင် အသုံးချရမည်ဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်အတွက် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်ရန်လိုကြောင်း၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်နေရန် ကိုယ်လက်လှုပ်ရှားမှုများကို နေ့စဉ်ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးကို ထိခိုက်စေသည့် အနေအထိုင်၊ အစား အသောက်များကို ရှောင်ကြဉ်ကြ ရန်လိုကြောင်း။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ကိုယ်ကျိုးအတွက်သာကြည့်ပြီး နိုင်ငံတော်၏ အဖိုတန် သယံဇာတများ တရားမဝင် တူးဖော်ရောင်းချခြင်း၊ မူးယစ်‌ဆေးဝါး သယ်ဆောင်ရောင်းချခြင်းများ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုများကို လုပ်ဆောင်နေကြသဖြင့် နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းရကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နိုင်ခြင်း မရှိစေရေးအတွက် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ် ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား ထိခိုက်အောင် ဆောင်ရွက်နေမှုများကို တပ်မတော် အနေဖြင့် ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း။

တပ်မတော်သားများ၏ ပါရမီဖြည့်ဖက် မိသားစုဝင်များ အနေဖြင့် ပါရမီဖြည့်ဖက်ကောင်း ပီသစွာ ကျင့်ကြံနေထိုင်ကြရန်လိုကြောင်း၊ တပ်မတော်သား မိသားစုဝင်များ၏ ပညာရေးနှင့် ပတ်သက် ၍လည်း ပညာရည်မြှင့်တင်ရေး ပိုင်းဆိုင်ရာများကို အစဉ်မပြတ် မြှင့်တင်ပေးလျက်ရှိပြီး မိမိတို့၏ သားသမီးများ၊ မိသားစုဝင်များကို ပညာတတ်များဖြစ်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း။

 

တပ်ရင်း၊ တပ်ဖွဲ့များကို ဦးစီး၊ ဦးဆောင် ပြုလုပ်ရသည့် ခေါင်းဆောင်များသည် မိဘသဖွယ် စိတ်ဓာတ်၊ တပ်မှူးကောင်းသဖွယ် စိတ်ဓာတ်တို့ဖြင့် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကြိုးစားကာ စေတနာထားပြီး လက်အောက် ငယ်သားများအပေါ် အမြဲစည်းလုံး ညီညွတ်မှုရှိအောင် ညီညွတ်မျှတစွာ ကွပ်ကဲ အုပ်ချုပ်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး‌ ကျော်စွာလင်းက တပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက် ဖွယ်ရာများ ပေးအပ်ရာတပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ အလားတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးက တပ်နယ်ရှိ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ တပ်နယ်မှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။

 

ထို့နောက် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် အဖွဲ့ဝင်များသည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်