ဇွန် ၂၃

ဆစ်ဒနီမှ ကွာလာလမ်ပူသို့ ပျံသန်းသောလေယာဉ်ပေါ်တွင် ဗုံးခြိမ်းခြောက်လိမ်လည်မှုဖြင့် အမျိုးသားတစ်ဦးကို တရားစွဲဆိုထားကြောင်း သြစတြေးလျအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

တူရကီလေကြောင်းလိုင်း လေယာဉ်ပေါ်တွင် ဗုံးခြိမ်းခြောက်မှုတစ်ခုနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရရှိပြီးနောက် မွန်တီနီဂရိုးနိုင်ငံမှ အသက် ၄၄ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဆစ်ဒနီလေဆိပ်တွင် ဇွန် ၂၁ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP) က သတင်းထုတ်ပြန်ခဲ့သည်။

လေယာဉ်ပျံတက်ရန်ပြင်ဆင်နေစဉ် လေယာဉ်ဝန်ထမ်းတစ်ဦးက ခရီးသည်တစ်ဦးအား ၎င်းနှင့်အတူပါလာသော လျှပ်စစ်ပစ္စည်းများအကြောင်းမေးမြန်းခဲ့ရာ ထိုအမျိုးသားက မိမိတွင် ဗုံးပါရှိကြောင်း ပြောဆိုခဲ့သည်ဟု အာဏာပိုင်များက ပြောကြားသည်။

အဆိုပါဖြစ်ရပ်ကို လေယာဉ်မှူးထံ အကြောင်းကြားခဲ့ပြီးနောက် ထွက်ခွာမည့်နေရာမှ ဂိတ်သို့ လေယာဉ်ပြန်လည်ရောက်ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက လေယာဉ်ပေါ်သို့ တက်ရောက်ကာ ထိုအမျိုးသားကို ခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

၎င်းအား လေကြောင်းလုံခြုံရေးကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့သည်ဟူသော စွဲချက်တစ်ခုဖြင့် တရားစွဲဆိုခဲ့သည်။ အဆိုပါပြစ်မှုအတွက် အမြင့်ဆုံးပြစ်ဒဏ် သြစတြေးလျဒေါ်လာ ၁၀၅၀၀ (အမေရိကန်ဒေါ်လာ ၇,၃၄၆ ခန့်) အထိ ငွေဒဏ် ချမှတ်ခံရနိုင်ကြောင်း ဖော်ပြထားသည်။

ထိုကိရိယာသည် ကြိုးမဲ့ဖုန်းအားသွင်းကိရိယာတစ်ခု ဖြစ်ပုံရသည်ဟု လေယာဉ်မှူးက ရဲတပ်ဖွဲ့အား ပြောကြားခဲ့သည်။

သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ စုံထောက်ရဲမှူးကြီး ဒါဗီနာကိုပလင်က ဗုံးရှိသည်ဟု လိမ်လည်သတင်းပေးခြင်းကဲ့သို့သော လုပ်ရပ်များသည် လုံခြုံရေးနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အကြီးအကျယ်အနှောင့်အယှက်များဖြစ်စေနိုင်ကြောင်း၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်မှုများကိုဖြစ်ပေါ်စေနိုင်ကြောင်းနှင့် အမှန်တကယ် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုများကို ကိုင်တွယ်ရန် လိုအပ်သည့်အရင်းအမြစ်များကို လွဲချော်စေနိုင်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို