မန္တလေး ဇွန် ၂၁
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဇွန် ၂ဝ ရက်တွင် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် ဥပဒေရုံးအား စံပြရှေ့ပြေး ဥပဒေရုံးသစ် တိုးချဲ့ဖော်ဆောင်မှု အခြေအနေနှင့် စံပြရှေ့ပြေး ဥပဒေရုံးများဖြစ်သည့် ပြင်ဦးလွင်ခရိုင် ဥပဒေရုံးနှင့် ချမ်းအေးသာစံမြို့နယ် ဥပဒေရုံးတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီး ဥပဒေချုပ်ရုံးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ရှေ့ပြေးဥပဒေရုံး(Pilot Law Office) များ ဖွင့်လှစ်ခြင်းဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်သောအခါ မှတ်ပုံတင်ရေးသွင်းခြင်း၊ မှတ်တမ်းတင် ခြင်း၊ အစီရင်ခံစာ ပေးပို့ခြင်းတို့ကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန်၊ အမှုလိုက် ဥပဒေအရာရှိနှင့် တာဝန်ခံဥပဒေအရာရှိများအကြား နည်းပညာအသုံးပြုကာ မြန်မြန်ဆန်ဆန် ဆောင်ရွက် နိုင်ရန်၊ ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်း (Pre-Trial Interview, PTI) များကို ဆောင်ရွက်နိုင်ရန် စံနမူနာပြုစမ်းသပ်ခြင်းဖြစ်ကြောင်း ဆွေးနွေးမှာကြားပြီး စံပြရှေ့ပြေးဥပဒေရုံး (Pilot Law Office) အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့သည့် မြို့နယ်ဥပဒေရုံးများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


