တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ပြည်သူများက သောင်းသောင်းဖြဖြကြိုဆိုဂုဏ်ပြုနှုတ်ဆက်
နေပြည်တော် ဇွန် ၁၉
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ်(State Visit) သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဟန်ကျိုးမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည်။
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များအား ကျဲ့ကျန်းပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးဇော်ဝင်းမြင့်၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါသွားကြသည့် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာကံဇော်၊ ဦးကိုကိုလွင်၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံ၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ စစ်ဘက်၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း၊ တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် ပြည်နယ် အကြီးအကဲများနှင့် တွေ့ဆုံခြင်း၊ စီးပွားရေးကွန်ဖရင့်သို့ တက်ရောက်ခြင်းနှင့် အဆင့်မြင့် နည်းပညာသုံး စက်မှုလုပ်ငန်းများသို့ သွားရောက်လေ့လာခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်နိုင်ခဲ့ကာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ လုံခြုံရေးဆိုင်ရာများနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ပိုမိုတိုးတက်ခိုင်မာအောင် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် အကျိုး ရှိစေနိုင်မည့် ဆွေးနွေးချက်များကို ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိကြရာ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးနှင့် စစ်သံရုံးတို့မှ တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့အနေဖြင့် နိုင်ငံတော် အကျိုးစီးပွားကို တစိုက်မတ်မတ်ဦးတည်ပြီး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်နိုင်ခဲ့မှု၊ စီးပွားရေး၊ အာကာသနည်းပညာနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံပြည်သူများ၏ အကျိုးစီးပွားတိုးတက်ရေး ဦးတည် ကြိုးပမ်းအားထုတ် ဆောင်ရွက်နိုင်ခဲ့မှုအတွက် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များအလိုက်မှ တာဝန်ရှိသူများ၊ တိုင်းရင်းသား တိုင်းရင်းသူ သားငယ် သမီးငယ်လေးများ၊ ဘင်ခရာ၊ ပန်းဖွားအက အဖွဲ့များ၊ တရုတ်အကအလှအဖွဲ့များ၊ တိုင်းရင်းသားရိုးရာ အကအလှအဖွဲ့များ၊ အနုပညာရှင်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လေဆိပ်တွင် အသင့်စောင့်ကြို၍ လေဆိပ်လေယာဉ်အဆင်းမှ VIP ဆောင် အထိလည်းကောင်း၊ တပ်မတော် လေဆိပ်အဝင် လမ်းတစ်လျှောက်တွင်လည်းကောင်း “တရုတ် - မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ။ တရုတ် - မြန်မာ နှစ်နိုင်ငံ အကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍအလိုက် တိုးမြှင့်ဆောင်ရွက်နိုင်ပါစေ။ တရုတ် - မြန်မာ ချစ်ကြည်ရေးကို ခိုင်မြဲစေသော သမ္မတကြီးနှင့် အဖွဲ့ဝင်များအား လှိုက်လှဲစွာကြိုဆိုပါ၏။ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော သမ္မတကြီး ဦးမင်းအောင်လှိုင်အား လှိုက်လှဲစွာ ကြိုဆိုပါ၏။ တရုတ် - မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုအား ထောက်ခံပါသည်။ တရုတ် - မြန်မာ ချစ်ကြည်စွာ တွဲလက်မြဲပါစေ။ မြန်မာ - တရုတ် ပူးပေါင်းအား မုချအောင်မြင်ပါစေ။” ဟူသောစာတန်းများပါရှိသည့် ဗီနိုင်းများ ကိုင်ဆောင်၍ လည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံအလံတို့ကို ကိုင်ဆောင်ဝှေ့ယမ်းကာ “တရုတ် - မြန်မာ ချစ်ကြည်ရေး (အဓွန့်ရှည်ပါစေ၊ အဓွန့်ရှည်ပါစေ)။ အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် သမ္မတကြီး ဦးမင်းအောင်လှိုင် (ကျန်းမာပါစေ၊ ကျန်းမာပါစေ)။ ပြည်ထာင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင် (ကျန်းမာပါစေ၊ ကျန်းမာပါစေ)။ တရုတ် - မြန်မာ ချစ်ကြည်ရေး (ခိုင်မြဲပါစေ၊ ခိုင်မြဲပါစေ)။ တရုတ်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ပါစေ၊ အဓွန့်ရှည်ပါစေ။” ဟု ကြွေးကြော်လျက် လည်းကောင်း၊ လေဆိပ်မှ နေပြည်တော်သို့ ဝင်ရောက်ရာ လမ်းတစ်လျှောက် အဓိက နေရာများရှိ LED Board များ၌လည်း နိုင်ငံတော်သမ္မတ၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ခရီးစဉ် လှုပ်ရှားမှုပုံရိပ်များဖြင့် “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ယူ ဝမ်းမြောက်စွာ ကြိုဆိုပါသည်” ဟူ၍ ရေးသားဖော်ပြ၍လည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


