နေပြည်တော် ဇွန် ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ နည်းပညာမြင့် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်လေ့လာကြသည်။
Zhejiang Leapmotor Technology Co., Ltd.
ဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် Zhejiang Leapmotor Technology Co., Ltd. သို့ ရောက်ရှိကြရာ ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ မစ္စတာ ကျူးကျန်းမင်းနှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် Zhejiang Leapmotor Technology Co., Ltd. ၏ သမိုင်းကြောင်းဆိုင်ရာများ၊ စက်ရုံဆိုင်ရာ အချက်အလက်များနှင့်စက်ရုံ၏ လစဉ်၊ နှစ်စဉ် စွမ်းဆောင် နိုင်ရည်များ၊ စက်ရုံမှ ထုတ်လုပ်ထားသည့် မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် ထုတ်လုပ်ထားရှိပြီး ဖြစ်သည့် မော်တော်ယာဉ်များ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့်များ၊ အပြီးသတ်အချောထည် လုပ်ငန်းဆောင်ရွက်နေမှုများကို စိတ်ပါဝင်စားစွာဖြင့် ပြကွက် တစ်ခုချင်းစီအလိုက် လိုက်လံကြည့်ရှုလေ့လာကြပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် များအပေါ် နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။
အဆိုပါ Zhejiang Leapmotor Technology Co.,Ltd. သည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့တွင်တည်ရှိပြီး လျှပ်စစ်ကားများ အဓိကထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ လက်ရှိ အချိန်အထိ Zhejiang Leapmotor Technology Co.,Ltd. သည် ထုတ်ကုန်ပစ္စည်းများ သုတေသန ပြုလုပ်ခြင်းနှင့် အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းအတွက် ကုမ္ပဏီပေါင်း ၅၀ ကျော်တွင် ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ၏ ၆၅ ရာခိုင်နှုန်းကို ကိုယ်တိုင်တီထွင် ထုတ်လုပ်လျက်ရှိပြီး ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန် ရည်မှန်း ထားရှိကြောင်း၊ လက်ရှိ လျှပ်စစ်ကားများထုတ်လုပ်မှု အခန်းကဏ္ဍတွင် တရုတ်နိုင်ငံအတွင်း၌ အဆင့် ၃ တွင်ရှိပြီး ကမ္ဘာ့အဆင့်အနေဖြင့် အဆင့် ၆ တွင်ရှိကြောင်း၊ ပြည်ပ နိုင်ငံများသို့ လျှပ်စစ်ကားများ တင်ပို့မှုအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အစီးရေ ၆၀၀၀၀ ကျော် တင်ပို့ခဲ့ပြီး ၂၀၂၆ ခုနှစ်တွင် အစီးရေ တစ်သိန်းကျော်သည်အထိ တင်ပို့နိုင်ရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
လေ့လာမှုများ အပြီးတွင် Zhejiang Leapmotor Techno-logy Co., Ltd. ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။
Zhejiang Qingshi New Material Technology Co.,Ltd.
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Zhejiang Qingshi New Material Technology Co.,Ltd. သို့ ရောက်ရှိကြရာ ဥက္ကဋ္ဌ မစ္စတာ တုကော်ဖျင် နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ဆက်လက်၍ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမျိုးအစားကောင်းသည့် ဝါးပင်များအား သုတေသနပြုရွေးချယ်၍ ဓာတုဗေဒနည်းဖြင့် မဟုတ်ဘဲ ရူပဇီဝ နည်းပညာဖြင့် ဝါးချည်မျှင် အဆင့်ဆင့်ထုတ်လုပ်မှု၊ ဝါးချည်မျှင်အား အခြားသော ချည်မျှင် အမျိုးမျိုးနှင့် အချိုးကျရောစပ်၍ ချည်များ၊ အထည်အလိပ်များ၊ အဝတ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ် ထားရှိမှုတို့ကို လိုက်လံရှင်းလင်းတင်ပြရာ နိုင်ငံတော်သမ္မတက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးသည်။
အဆိုပါ ကျုံးကျန်းချင်းရှီနည်းပညာကုမ္ပဏီ (Zhejiang Qingshi New Material Technology Co., Ltd.)သည် တရုတ်နိုင်ငံ ကျုံကျန်းပြည်နယ် ဟန်ကျိုးမြို့ရှိ ရှောင်ရှန်းခရိုင်တွင် အခြေစိုက်သော နည်းပညာအခြေပြု ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ အဓိကထုတ်ကုန်များအနေဖြင့် အရည် အသွေးမြင့် ဝါးချည်မျှင်၊ ဝါးချည် မျှင် ရောစပ်ထားသော ချည်များ၊ အထည်အလိပ်များဖြစ်ပြီး ဝယ်ယူ သူများ မှာယူလိုသည့် လိုအပ်ချက်များနှင့်အညီလည်း အထူးပြုလုပ် ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ထုတ်လုပ်မှုစွမ်းရည်အနေဖြင့် ၂၀၂၅ ခုနှစ်တွင် သဘာဝ ဘက်တီးရီးယား ပိုးသတ်နှုန်း ၉၉ ဒသမ ၂ ရာခိုင်နှုန်းရှိသည့် ဝါးချည်မျှင် စုစုပေါင်းတန် ၁၈၀၀၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ကုမ္ပဏီရုံးချုပ်သည် ဟန်ကျိုးမြို့တွင် တည်ရှိသော်လည်း ဝါးချည်မျှင်နှင့် အထည်ထုတ်လုပ်နေသည့် စက်ရုံသည် ဝါးများ များပြားစွာပေါက်ရောက်သည့် ဖူးကျန့်ပြည်နယ် နန်ပင်းမြို့၌ တည်ရှိကြောင်း သိရသည်။
ထို့နောက် ကုမ္ပဏီဥက္ကဋ္ဌက နိုင်ငံတော်သမ္မတအတွက် ဝါးချည်မျှင်ဖြင့် အထူးပြုလုပ်ထားသော လက်ဆောင်ပစ္စည်းကို ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတက လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ကျုံးကျန်းချင်းရှီနည်းပညာကုမ္ပဏီ(Zhejiang Qingshi New MaterialTechnology Co.,Ltd.) ၏ ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် အမှတ်တရ လက်မှတ်ရေးထိုးသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတသည် ကုမ္ပဏီကပြုလုပ်ထားသည့် ဝါးချည်မျှင် ထုတ်လုပ်သည့်စက် ဖြင့် ဝါးချည်မျှင်များ ထုတ်လုပ်ထားရှိမှု၊ ဝါးချည်မျှင်နှင့် အခြားချည်မျှင်များ ရောနှောပေါင်းစပ်မှု၊ ချည်မျှင်ရရှိလာမှု အဆင့်ဆင့်ကို လိုက်လံကြည့်ရှုလေ့လာခဲ့ပြီး ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သိရှိလိုသည်များ မေးမြန်းဆွေးနွေးကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
Unitree Robotics Co., Ltd.
မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် Unitree Robotics Co., Ltd. သို့ သွားရောက်လေ့လာကြရာ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ဝမ်ရှင်းရှင်း နှင့် တာဝန်ရှိသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြပြီး ကုမ္ပဏီမှထုတ်လုပ်ထားသည့် စက်ရုပ်ကလည်း နိုင်ငံတော် သမ္မတအား မြန်မာဘာသာဖြင့် “မြန်မာ”ဟု ရေးသား၍ကြိုဆိုသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် စက်ရုံမှထုတ်လုပ်ထားသည့် စက်ရုပ်များ၊ စက်ရုပ်များ၏ အစိတ် အပိုင်းကိရိယာ တစ်ခုချင်းစီအလိုက် ထုတ်လုပ်ထားရှိမှုများကို လိုက်လံကြည်ရှုလေ့လာရာ ကုမ္ပဏီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။
ယင်းနောက် Unitree Robotics Co., Ltd. မှ ထုတ်လုပ်ထားသည့် စွမ်းဆောင်ရည်မြင့် တိရစ္ဆာန် ပုံသဏ္ဌာန်စက်ရုပ် (quadruped robots)၊ လူသားပုံသဏ္ဌာန် စက်ရုပ် (humanoidrobots) နှင့် အသိ ဉာဏ်တုနည်းပညာသုံး မော်ဒယ် (AI model) များ အသုံးပြု၍ လူသားတစ်ဦး အသွင်ကဲ့သို့ လှုပ်ရှားသွားလာခြင်း၊ သဘာဝဘေးအန္တရာယ်များတွင် အသုံးပြုခြင်း၊ မြန်မာသံစဉ်၊ တရုတ်သံစဉ် တို့ဖြင့် နှစ်နိုင်ငံမှ ရိုးရာအကများကို ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ပြသခြင်း၊ လက်ဝှေ့ထိုး၍ သရုပ်ပြသ ခြင်း၊ စက်ရုံအလုပ်ရုံများ၊ နေအိမ်များ၊ ဝန်ဆောင်မှုလုပ်ငန်းများ၌ အသုံးပြုရာတွင် အသုံးပြုမှုသရုပ် ပြသခြင်းတို့ကို လုပ်ဆောင်ပြသရာ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များက စိတ်ပါဝင်စားစွာဖြင့် လေ့လာ ကြည့်ရှုခဲ့ကြပြီး နိုင်ငံတော်သမ္မတက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါ Unitree Robotics Co., Ltd. သည် ကျုံကျန်းပြည်နယ် ဟန်ကျိုးမြို့တွင် ရုံးချုပ်ရှိသော ကမ္ဘာကျော် ပုဂ္ဂလိကစက်ရုပ် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီကို ၂၀၁၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး စွမ်းဆောင်ရည်မြင့် တိရစ္ဆာန်ပုံသဏ္ဌာန် စက်ရုပ် (quadruped robots)၊ လူသားပုံ သဏ္ဌာန်စက်ရုပ် (humanoid-robots) နှင့် အသိဉာဏ်တုနည်းပညာသုံး မော်ဒယ် (AI model) များအား သုတေသနပြုထုတ်လုပ် ရောင်းချလျက်ရှိကြောင်း၊ ကုမ္ပဏီအနေဖြင့် နည်းပညာဆန်းသစ် တီထွင်မှုကို အထူးအလေးပေးထားကာ AI နည်းပညာများ၊ ရွေ့လျားမှု ထိန်းချုပ်မှု အယ်လ်ဂိုရီသမ်များ အပါအဝင် အဓိကအစိတ်အပိုင်း အားလုံးကို ကိုယ်တိုင်ထုတ်လုပ်ခြင်းဖြစ်သည်။
ဆက်လက်၍ Unitree Robotics Co., Ltd. ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံသို့ အထူးပြုလုပ်ထား သည့် စက်ရုပ်တစ်ရုပ်အား ဂါရဝပြုပေးအပ်ရာ နိုင်ငံတော်သမ္မတက အမှတ်တရ လက်ဆောင်ပစ္စည်း များ ပြန်လည်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


