သိင်္ဃသူ
(ယမန်နေ့မှအဆက်)
“မိမိတို့ အစိုးရသစ်လက်ထက်တွင် ရေရှည်တည်တံ့ပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုများကို ဖော်ဆောင်နိုင်ရေး မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများနှင့် စီးပွားရေးတိုးမြှင့်ရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း” တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၁၆ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Li Qiang နှင့် The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ထိုနေ့နံနက်ပိုင်းတွင် တရုတ်သမ္မတကြီး မစ္စတာရှီကျင့်ဖျင်နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံအကျိုးကို ရည်သန်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား သဘောတူစာချုပ်နှင့် နားလည်မှုစာချွန်လွှာ ၁၈ ခုတို့ကို နှစ်နိုင်ငံမှ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက သမ္မတနှစ်ဦး ရှေ့မှောက်တွင် လက်မှတ်ရေးထိုး လဲလှယ်ခဲ့ပြီးဖြစ်သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်တို့၏ တွေ့ဆုံဆွေးနွေးမှုစတင်ရာ နှစ်နိုင်ငံအကြား ဆက်ဆံမှု ပိုမိုနက်ရှိုင်းစေရေးနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတည်တံ့စေရေး၊ ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် အမြင်ချင်းဖလှယ် ဆွေးနွေးလိုပါကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် Mr. Li Qiang က ဦးစွာ ဆွေးနွေးပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဆွေးနွေးပြောကြားရာတွင် ယနေ့ဆွေးနွေးမှုမှတစ်ဆင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ကဏ္ဍအပါအဝင် နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် နှင့်အညီ ကာလရှည်ကြာစွာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု ဆက်ဆံရေးကို ထိန်းသိမ်းခဲ့ကြကြောင်း၊ ယခုအခါ မိမိတို့၏ဆက်ဆံရေးသည် ပိုမိုနက်ရှိုင်းသည့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်မှုအဆင့်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပြီး မိမိတို့နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံတကာဆက်ဆံရေးတွင် စံနမူနာပြုရသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတနှင့် တရုတ်ဝန်ကြီးချုပ်တို့၏ တွေ့ဆုံဆွေးနွေးပွဲမှာ အိမ်နီးချင်း ဆွေမျိုးပေါက်ဖော်နိုင်ငံများဖြစ်သည်နှင့်အညီ ခင်မင်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်း ရေးကို ဦးတည်သည်။ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ကဏ္ဍစုံတွင် မြှင့်တင်ရေး၊ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ နယ်စပ် ဖြတ်ကျော် တရားဥပဒေစိုးမိုးရေး၊ လျှပ်စစ်စွမ်းအင်ကိစ္စ၊ ငလျင်ဒဏ်ခံ ပြန်လည်ထူထောင်ရေး ကိစ္စတို့တွင် တရုတ်နိုင်ငံက ကူညီမှုများပြုနိုင်ရေး၊ မြန်မာ- တရုတ် စီးပွားရေးစင်္ကြံစီမံကိန်း အရှိန်အဟုန်မြှင့်တင်ရေးတို့ကို ခင်မင် ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယင်းနေ့ မွန်းလွဲပိုင်းတွင် တရုတ် အမျိုးသားပြည်သူ့ကွန်ဂရက် (National People's Congress - NPC) ဥက္ကဋ္ဌ မစ္စတာ ကျောက်လဲ့ကျိနှင့်လည်း The Great Hall of the People ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကာ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက်နှင့် မြန်မာ့လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် အပါအဝင် နှစ်နိုင်ငံအကျိုးတူပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကို အမြင်ချင်း ဖလှယ်ခဲ့သည်။
ဇွန်လ ၁၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ၏ ရလဒ်ဖြစ်သော နှစ်နိုင်ငံ ပူးတွဲကြေညာ ချက်ကို ထုတ်ပြန်လိုက်သည်။ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့ အကြား တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အရှိန်အဟုန် မြှင့်တင်ရေးဆိုင်ရာ ပူးတွဲကြေညာချက်” (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၇ ရက်) ဟူ၍ ခေါင်းစဉ်၌ ဖော်ပြထားသည်။
ပူးတွဲကြေညာချက်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို စောင့်ထိန်းရန်၊ တရုတ်-မြန်မာ “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေးကို ပိုမို လက်ဆင့်ကမ်း သယ်ဆောင်ရန်၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက် မြှင့်တင်ရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဖော်ဆောင်ပေးရန် သဘောတူညီခဲ့ကြသည်ဟူ၍ ပါရှိသည်မှာ မှတ်သားဖွယ် ကောင်းသည်။
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းနှင့် နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ဖော်ဆောင်ရန် ကြိုးပမ်းနေမှုများအပေါ် တရုတ်နိုင်ငံက ကြိုဆို၊ ထောက်ခံပြီး ပံ့ပိုး ကူညီသွားမည့် အချက်များလည်း ကြေညာချက်တွင် ပါဝင်သည်။
မြန်မာနိုင်ငံက အစဉ်တစိုက် ထောက်ခံခဲ့သည့် “တရုတ်နိုင်ငံ တစ်နိုင်ငံတည်း” မူဝါဒကို ထပ်လောင်းကတိပြုခဲ့ ပြီး မည်သည့်ပုံစံဖြင့်မဆို ပြုလုပ်သည့် “ထိုင်ဝမ်လွတ်လပ်ရေး” ဆောင်ရွက်မှု များကို ဆန့်ကျင်ကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ် ၂၇၅၈ ၏ အာဏာသက်ရောက်မှုသည် အငြင်းပွားဖွယ်ရာ မရှိကြောင်း၊ နိုင်ငံပြန်လည်ပေါင်းစည်းရေး တရုတ် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက် အားလုံးကို ခိုင်မာစွာပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်၊ ရှင်ကျန်းနှင့် ရှီးကျန့်တို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို တရုတ်နိုင်ငံ၏ ပြည်တွင်းရေး အဖြစ်မှတ်ယူပြီး ယင်းကိစ္စများအပေါ် တရုတ်နိုင်ငံ၏ တရားမျှတသော ရပ်တည် ချက်များကို ခိုင်မာစွာ ပံ့ပိုးကူညီသွားမည်ဟု ပါရှိပြီး ၎င်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံကလည်း များစွာတန်ဖိုးထား အသိအမှတ်ပြုကာ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားသည်။
ကုလသမဂ္ဂအထွေထွေ ညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ဆိုသည်မှာ ၁၉၇၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက် နေ့တွင် အတည်ပြုခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကုလသမဂ္ဂ ကိုယ်စားပြုခွင့်ဆိုင်ရာ သမိုင်းဝင် ဆုံးဖြတ်ချက်ဖြစ်သည်။ အဆိုပါဆုံးဖြတ်ချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရ၏ ကိုယ်စားလှယ်များသာလျှင် ကုလသမဂ္ဂတွင် တစ်ခုတည်းသော တရားဝင် ကိုယ်စားလှယ်များဖြစ်ကြောင်း အသိအမှတ်ပြုခဲ့ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲမှ တစ်နိုင်ငံဖြစ်လာသည်။ ချန်ကေရှိတ်၏ ထိုင်ဝမ်ကိုယ်စားလှယ်များမှာ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းအားလုံးမှ ချက်ချင်းဖယ်ရှား ခံခဲ့ရသည်။
နှစ်နိုင်ငံ ပူးတွဲကြေညာချက်ကို ခြုံငုံကြည့်မည်ဆိုပါက တရုတ်-မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန်အသိအမှတ် ပြုမှု၊ ကူညီမှု၊ တန်းတူညီမျှ အလေးထားမှု၊ ဘုံအကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက်မှုတို့အပြင် ဗဟုဝင်ရိုးကမ္ဘာ (Multipolar world) အခင်းအကျင်းသစ် နှင့် ပိုမိုအဆင့်မြင့်လာသည့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းများနှင့် မျှော်လင့်ချက်အသစ်များ စသည်တို့ကို တွေ့ရှိနိုင်သည်။ မိမိတို့နိုင်ငံ၏ ဖြည့်ဆည်းရန်လိုအပ်ချက်မှာ နိုင်ငံတစ်ဝန်း အေးချမ်းတည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်စိတ်တည်း တစ်ဝမ်းတည်း အားထုတ်ကြိုးပမ်း အလုပ်လုပ်ကြရန် ဖြစ်သည်။
ဇွန် ၁၇ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ရှိ China Railway Construction Corpor-ation Limited (CRCC) သို့ သွားရောက် လေ့လာကာ ပေကျင်းမြို့ South Railway Station မှ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ မြန်နှုန်းမြင့်ရထား High- Speed Rail G23 ဖြင့် ထွက်ခွာသည်။
တရုတ်နိုင်ငံ၏ ရထားလမ်းကွန်ရက်စနစ်မှာ ကမ္ဘာပေါ်တွင် ခရီးမိုင်အရှည်ဆုံးနှင့် အဆင့်အမြင့်ဆုံးဖြစ်သည်။ စုစုပေါင်း ရထားလမ်းကွန်ရက်အရှည် ကီလိုမီတာ ၁၆၀၀၀၀ ကျော်ရှိပြီး ၎င်းအနက်မှ ခေတ်မီ မြန်နှုန်းမြင့်ရထားလမ်းပိုင်းများမှာ ကီလိုမီတာ ၄၀၀၀၀ ကျော်အထိ ရှိနေသည်။ မြန်နှုန်းမြင့်ရထားများမှာ ပုံမှန် တစ်နာရီလျှင် ကီလိုမီတာ ၂၅၀ မှ ၃၅၀ အထိ မောင်းနှင်နိုင်ပြီး အချို့လမ်းပိုင်းများတွင် ကီလိုမီတာ ၄၀၀ ကျော်အထိပင် မောင်းနှင်နိုင်သည်ဟု သိရသည်။ မြို့ကြီး များရှိ ရထားဘူတာကြီးများမှာ နိုင်ငံတကာ လေဆိပ်ကြီးများကဲ့သို့ ခေတ်မီ ကြီးကျယ်ခမ်းနားကြပြီး ခရီးသည်များကလည်း ရထားကို အားထားသွားလာကြသည်။ နိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် ပေကျင်း၊ ရှန်ဟိုင်း၊ ကွမ်ကျိုး စသည့် မြို့ကြီးများသာမက ဝေးလံဒေသ မြို့ငယ်ကျေးလက်များအထိ ရထားလမ်း ကွန်ရက်များ ချိတ်ဆက်ထားရာ အချိန် မကုန်၊ လူမပန်းဘဲ လိုရာခရီး ရောက်ကြသည်။
နိုင်ငံတော်သမ္မတ၏ ပေကျင်း- ရှန်ဟိုင်း မြန်နှုန်းမြင့်ရထားခရီးစဉ်က လက်ရှိမိမိတို့နိုင်ငံတွင် အဆင့်မြှင့်တင်နေသည့် မြန်မာ့ရထားစနစ်နှင့် ရထားလမ်းကွန်ရက်များပေါ်တွင်လည်း အကျိုး သက်ရောက်မှု ရှိလာနိုင်သည်ဟု မျှော်လင့်ရသည်။ တရုတ်နိုင်ငံ၏ ရထားပို့ဆောင် ရေးစနစ်ကြီးတစ်ခုလုံးတွင် မြန်မာနိုင်ငံအနေဖြင့် အတုယူဖွယ်ရာများရှိနေသည်။ နိုင်ငံတော်သမ္မတက စိတ်ဝင်တစား မေးမြန်းလေ့လာမှုများပြုသလို ခရီးစဉ်တွင်ပါရှိလာသည့် ပြည်ထောင်စုဝန်ကြီး များနှင့် တာဝန်ရှိသူများကိုလည်း လမ်းညွှန်မှာကြားမှုများ ပြုသည်။ ပေကျင်းနှင့် ရှန်ဟိုင်းကြားမှာ ၁၃၁၈ ကီလိုမီတာ (၈၁၈ မိုင်) ကွာဝေးပြီး မြန်နှုန်းမြင့်ရထားဖြင့် ခုတ်မောင်းချိန်မှာ ပျမ်းမျှလေးနာရီခွဲမှ ငါးနာရီခွဲခန့်သာ ကြာမြင့်ရာ လက်ရှိမြန်မာနိုင်ငံတွင် ပြေးဆွဲလျက်ရှိသော ခေတ်အမီဆုံး DEMU ရထားများထက် သုံးဆမှ လေးဆ ခန့်ထိ ပိုသောအမြန်နှုန်းဖြင့် ရန်ကုန်-မန္တလေးထက် နှစ်ဆဝေးသောခရီးကို ရန်ကုန်-မန္တလေး ခုတ်မောင်းချိန်၏ ထက်ဝက်ခန့် ခုတ်မောင်းချိန်ဖြင့် ရောက်ရှိနိုင်ခြင်း ဖြစ်သည်။
ရှန်ဟိုင်းမြို့ပြ အလှများ လေ့လာကြည့်ရှု
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ရှန်ဟိုင်းမြို့ Hongqiao Railway Station သို့ရောက်ရှိကြရာတွင် ရှန်ဟိုင်းမြို့ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြပြီး ခေတ္တတည်းခိုမည့် Fairmont Peace ဟိုတယ်သို့ ဆက်လက် ထွက်ခွာခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ရှန်ဟိုင်းမြို့ မြို့တော်ဝန် မစ္စတာ ကုန်းကျန့်က Fairmont Peace ဟိုတယ် Peace ဧည့်ခန်းမဆောင်၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။ နိုင်ငံတော်သမ္မတ နှင့် ရှန်ဟိုင်းမြို့တော်ဝန်တို့သည် မြန်မာ နိုင်ငံနှင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေ အနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။ ညပိုင်းတွင် နိုင်ငံတော်သမ္မတသည် ခရီးစဉ်တွင် လိုက်ပါလာသည့် ကိုယ်စားလှယ်အဖွဲ့ဝင်များ လိုက်ပါ၍ ရှန်ဟိုင်းမြို့၊ ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက် သင်္ဘောဖြင့် စီးနင်းလိုက်ပါကာ ရှန်ဟိုင်းမြို့ပြ၏ ဖွံ့ဖြိုးတိုးတက်မှု အလှများကို လေ့လာကြည့်ရှုကြသည်။
ကမ်းတစ်ဖက်တွင် ဂန္ထဝင်ဆန်သော အလှများနှင့် ရှန်ဟိုင်းမြို့ဟောင်း၊ အခြား ကမ်းတစ်ဖက်တွင် ခေတ်မီဆန်းပြား သော ဗိသုကာလက်ရာများနှင့် လင်းလက် တောက်ပနေသည့် ဖူးတုံးဧရိယာ။ ကမ်း နှစ်ဖက်မှ ရောင်စုံမီးများ၏ အလင်းရောင်များက ဟွမ်းဖုမြစ်ထဲတွင် တလက်လက် တောက်ပနေသည်။
(ဆက်လက်ဖော်ပြပါမည်)


