ဇွန် ၁၈
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍကို အထောက်အကူပြုရန် ၂၀၂၇ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် ၁၉ ဒသမ ၁ သန်းလာရောက်ရန် မျှော်မှန်းထားကြောင်း အင်ဒိုနီးရှားခရီးသွားလုပ်ငန်းဝန်ကြီး ဝီဒီယန္တီ ပူထရီ ဝါဒနာက ပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းသည် စီးပွားရေး၊ အလုပ်အကိုင်ဖန်တီးမှု၊ နိုင်ငံခြားငွေရရှိမှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်ကောင်းမွန်ရေးတို့အတွက် ပိုမိုကြီးမားသောအထောက်အကူပြုနိုင်စေရေး ရရှိနိုင်သမျှ အရင်းအမြစ်အားလုံးကို အကောင်းဆုံး အသုံးချသွားမည်ဟု ယမန်နေ့က အောက်လွှတ်တော် အစည်းအဝေးတွင် ဝီဒီယန္တီက ပြောကြားခဲ့သည်။
နိုင်ငံတကာခရီးသွားများထံမှ နိုင်ငံခြားငွေရရှိမှုကို ၁၆ ရာခိုင်နှုန်းမှ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆ ဘီလီယံအထိ ရရှိရန် ရည်မှန်းထားပြီး ခရီးသွားတစ်ဦးလျှင် ပျမ်းမျှ အသုံးစရိတ် အမေရိကန်ဒေါ်လာ ၁၄၉၇ ခန့် ရှိမည်ဟု အင်ဒိုနီးရှားအစိုးရက ခန့်မှန်းထားသည်။
၂၀၂၇ ခုနှစ်တွင် ခရီးသွားလုပ်ငန်းကဏ္ဍသည် ပြည်တွင်းအသားတင်ထုတ်ကုန်၏ ၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံ ဆွဲဆောင်နိုင်မည်ဟု ထိုဝန်ကြီးက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


