ဇွန် ၁၈

ဂျပန်နိုင်ငံသို့ မေလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ကထက် ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ၃ ဒသမ ၅၆ သန်းသာ ရှိတော့ကြောင်း အစိုးရ၏အချက်အလက်များက ယမန်နေ့က ဖော်ပြထားသည်။

ဂျပန်အမျိုးသားခရီးသွားလုပ်ငန်းအဖွဲ့အစည်းမှထုတ်ပြန်သော အချက်အလက်များအရ မေလတွင် တရုတ်ပြည်မကြီးမှ ခရီးသွားများရောက်ရှိမှုသည် ယခင်နှစ်ကထက် ၆၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယင်းကျဆင်းမှုသည် ခြောက်လဆက်တိုက် ရှိပြီဖြစ်ကြောင်း  သိရသည်။

ဂျပန်လေကြောင်းလိုင်းများက ဆီဈေးမြင့်တက်မှုကြောင့် လောင်စာဆီအပိုကြေးများကို တိုးမြှင့်ခဲ့ရာ ယင်းအခြေအနေသည် ဂျပန်သို့ လာရောက်မည့် နိုင်ငံခြားခရီးသွားအရေအတွက်အပေါ် မည်မျှသက်ရောက်မည်ကို လက်ရှိအချိန်တွင် တိတိကျကျ မခန့်မှန်းနိုင်သေးကြောင်း ဂျပန်ခရီးသွားလုပ်ငန်းအာဏာပိုင်များက ပြောကြားခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို