နေပြည်တော် ဇွန် ၁၇
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နဝမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် သောက်သုံးရေ၊ စိုက်ပျိုးရေရရှိရေးအတွက် ကန်နှင့် အင်း ပြန်လည်တူးဖော်ပေးရေး၊ ဝန်ထမ်းအိမ်ရာတည်ဆောက်ပေးနိုင်ရေး၊ လမ်းများ အဆင့်မြှင့်တင်ပေးနိုင်ရေး၊ လျှပ်စစ်မီးရရှိရေးတို့နှင့် စပ်လျဉ်း၍ မေးခွန်း (၁၂) ခု မေးမြန်းဖြေကြားခြင်း၊ ကော်မတီ (၃) ခု ဖွဲ့စည်းအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။
ဦးစွာ ညောင်ဦးမဲဆန္ဒနယ်မှ ဦးသိန်းပို၏ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စုရှိ တိမ်ကောလာ နေသည့် ကမ္မကန်တော်ကြီးအား ပြန်လည်တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စုရှိ ကမ္မကန်တော်ကြီး၏ ရေဝင်လမ်းကြောင်း တူးဖော်ခြင်း၊ သဲစစ်ကန်တူးဖော်ခြင်းနှင့် ကန်အတွင်း၌ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာနှစ်အလိုက် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေ၌ တင်ပြတောင်းခံ၍ ဆောင်ရွက်ပေး မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
သဲကုန်းမဲဆန္ဒနယ်မှ ဒေါ်ဥမ္မာမို့မို့ဇော်၏ သဲကုန်းမြို့နယ်အတွင်းရှိ အင်းမအင်း ဧရိယာ ၆ ဒသမ ၅ စတုရန်းမိုင် တိမ်ကောနေမှုအား တူးဖော်ပေးနိုင်ခြင်း အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်ရှိ အင်းမအင်း တိမ်ကောနေမှုအား ယခုနှစ် ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အင်းမအင်းအရှေ့ဘက် ပင်မရေလမ်း ကြောင်း ရှင်းလင်းတူးဖော်ခြင်းလုပ်ငန်း အလျား ၁ ဒသမ ၆ မိုင်အား Back Hoe On Pontoon ဖြင့် ရေလမ်းကြောင်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အင်းမအင်းတိမ်ကောနေမှုအတွက် လယ်ယာမြေများ နှစ်စဉ်ရေကြီးရေလျှံမှုမှ ကင်းဝေးစေရန် ရေစီး ရေလာကောင်းမွန်စေရေး ရေလမ်းကြောင်းတူးဖော်ရှင်းလင်းခြင်းလုပ်ငန်းအား နှစ်စဉ်နှစ်မိုင်ခန့် တူးဖော် ပေးနိုင်ရေး ပြည်ထောင်စုမူလရန်ပုံငွေဖြင့်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် လည်းကောင်း နှစ်စဉ်ထည့်သွင်းတင်ပြတောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကော့ကရိတ်မဲဆန္ဒနယ်မှ ဒေါ်ခင်နီနီအောင်၏ ကော့ကရိတ်မြို့အဝင် လမ်းမကြီးဘေး State Land သတ်မှတ်မြေနေရာဖြစ်သည့် စည်ပင်ရုံးရှေ့ မျက်နှာချင်းဆိုင်လမ်းရှိ မြေကွက်လပ်ပေါ်တွင် ဌာနဆိုင်ရာ စုပေါင်းရုံးနှင့်တွဲလျက် ဝန်ထမ်းအိမ်ရာပါ အဆောက်အအုံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်က ကော့ကရိတ်မြို့အဝင်လမ်းမကြီးဘေး အမှတ် (၅) ရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် မျက်နှာချင်းဆိုင်တွင် State Land အဖြစ် သတ်မှတ်ထားသော မြေနေရာ၌ စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ပေး ခြင်းဖြင့် ဌာနဆိုင်ရာများနှင့် မြို့နေပြည်သူလူထုအတွက် လုပ်ငန်းကိစ္စရပ်များနှင့် နေထိုင်ရေးကိစ္စရပ်များ ပိုမိုအဆင်ပြေစေမည်ဖြစ်သဖြင့် မြေနေရာအမည်ပေါက် ရရှိရေး၊ စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခွင့်ပြုနိုင်ရေးကို ခွင့်ပြုချက်ရယူပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ဘဏ္ဍာငွေဖြင့် ဆောက်လုပ် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
လင်းခေးမဲဆန္ဒနယ်မှ စိုင်းထွန်းစံ(ခ)စိုင်းဆေဟန်၏ လင်းခေးမြို့မှ ဝမ်စစ်ကျေးရွာအုပ်စုသို့ ဆက်သွယ် ထားသည့် လမ်းပိုင်းအနက် စံချိန်စံညွှန်းမပြည့်မီသည့် ကွန်ကရစ်လမ်း ၁၁ မိုင်အား မည်သည့်ဘဏ္ဍာ နှစ်အတွင်း အပြီးသတ်ဆောင်ရွက်ပေးနိုင်မည်ကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက လင်းခေးမြို့နယ်မှ ဝမ်စစ်ကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသည့် လမ်းပိုင်းသည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့်လည်းကောင်း၊ ပြည်နယ်ရန်ပုံငွေဖြင့်လည်းကောင်း ကျောက်လမ်း ရှစ်မိုင်၊ ကျောက်လမ်းပြင်ထိန်း ငါးမိုင်၊ ကတ္တရာလမ်း သုံးမိုင်ကျော်၊ ကွန်ကရစ်လမ်း နှစ်မိုင်၊ တံတားသုံးစင်းနှင့် Box Culvert ၁၄ စင်း ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း။
ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေဖြင့် ကတ္တရာလမ်း ၀/၄ မိုင်နှင့် ကွန်ကရစ်တံတား နှစ်စင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျန်ရှိသော လမ်းပိုင်းများအား ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ နှစ်စဉ်အပိုင်းလိုက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြား သည်။
မိုင်းပျဉ်း မဲဆန္ဒနယ်မှ ဦးစိုင်းလောင်း၏ မိုင်းပျဉ်းမြို့နယ်၊ မိုင်းပုအွန်-မိုင်းရှဲန် ကျေးလက်ကုန်ထုတ် လမ်းအား ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက မိုင်းပုအွန်- မိုင်းရှဲန်လမ်း ၁၈ မိုင်ကို ၂၀၁၄-၂၀၁၅ ခုနှစ်တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ အဆိုပါလမ်းအား လမ်းအဆင့်မြှင့်တင်နိုင်ရေး အတွက် မြေသားလမ်း တာချဲ့ခြင်းလုပ်ငန်းကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ပြီး ဘဏ္ဍာငွေခွဲဝေရရှိမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းခတ် မဲဆန္ဒနယ်မှ ဦးစိုင်းဝန်းဆမ်၏ မိုင်းခတ်- မိုင်းညှင်းလမ်းပေါ်ရှိ အတက်အဆင်း မတ်စောက် သည့်နေရာများတွင် ကွန်ကရစ်ခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ၊ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက မိုင်းခတ်မြို့နယ်၊ မိုင်းခတ်-မိုင်းညှင်းလမ်းသည် ၂၂ မိုင်ရှိပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့က စီမံခန့်ခွဲသည့် လမ်းဖြစ်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ကျောက်လမ်းနှင့် ကွန်ကရစ်ခင်းခြင်းကို အပိုင်းလိုက် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း လေးဖာလုံဆောင်ရွက်ရန် ရန်ပုံငွေ ခွင့်ပြုပြီးဖြစ်ပါကြောင်း၊ ကျန်ရှိသောလမ်းပိုင်းများကို နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု သို့မဟုတ် ပြည်နယ်အစိုးရရန်ပုံငွေတို့မှ ဘဏ္ဍာငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
မိုင်းယောင်း မဲဆန္ဒနယ်မှ ဦးစိုင်းအောင်ခမ်း၏ ဝမ်ဘိုး-ဝမ်မန်းကျေးရွာ အုပ်စုချင်းဆက်လမ်းပေါ်ရှိ ရေတိုက်စား၍ ပျက်စီးသွားခဲ့သည့် ဝမ်ဘိုးတံတားအား အသစ်ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ အထွက်၌ရှိသည့် ၄၅ ပေခန့် သစ်သားတံတား မှာ ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်ထူကိုယ်ထအစီအစဉ်ဖြင့် ဆောက်လုပ်ထားသည့် တံတားဖြစ်ပြီး မိုင်းယောင်း-ကျိုင်းကုန်းလမ်းပိုင်းတွင် ပါဝင်သည့် အဆိုပါတံတား အသစ်အား ပြန်လည်တည်ဆောက်နိုင်ရေးကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်နယ်ရန်ပုံငွေ စီမံကိန်းစာရင်းတွင် အဆိုပြုလျာထားပြီး ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားသည်။
လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းစိန်ဝင်း၏ ဝမ်ဆန်းကျေးရွာအုပ်စု၊ ဝမ်ဆန်းကျေးရွာနှင့် ဝမ်ဟိုင့်ကျေးရွာအုပ်စု၊ ဝမ်ယိန်းကျေးရွာအုပ်စုများသည် ယနေ့ထိ လျှပ်စစ်မီးမရရှိသေးပါသဖြင့် လျှပ်စစ်မီးတိုးချဲ့ ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ၊ အစီအစဉ်မရှိပါက ဦးစားပေးအစီအစဉ်ဖြင့် ထည့်သွင်းပေးပါရန် သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လဲချားမြို့နယ်၊ ဝမ်ဆန်းကျေးရွာအုပ်စု၊ ဝမ်ဆန်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း နှစ်မိုင်လိုအပ်သော တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ ရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း။
အလားတူ ဝမ်ဟိုင့်ကျေးရွာအုပ်စုနှင့် ဝမ်ယိန်းကျေးရွာအုပ်စုတို့အား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၂၀၂၉-၂၀၃၀ ဘဏ္ဍာ ရေးနှစ်မှစတင်၍ ရန်ပုံငွေ ခွင့်ပြုရရှိမှုအပေါ် မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကျွန်းလှမဲဆန္ဒနယ်မှ ဦးစိုးကျော်နိုင်၏ ကျွန်းလှမြို့နှင့် ကန့်ဘလူမြို့အပါအဝင် ၎င်းမြို့နယ်များအတွင်းရှိ ကျေးရွာများမှ ပြည်သူများ လျှပ်စစ်မီးမရရှိမှုကြောင့် ကြုံတွေ့နေရသော အခက်အခဲများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့ရှိ ကျေးရွာများသို့ ဖြန့်ဖြူးနေသည့် ဓာတ်အားလိုင်းစနစ်များသည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ဓာတ်အားပေးစက်ရုံ အစိတ်အပိုင်းများနှင့် ဓာတ်အားခွဲရုံ (Switchyard) အတွင်းရှိ ဓာတ်အား လက်ခံ၊ ပို့လွှတ်ပစ္စည်းများ မီးလောင်ပျက်စီးခြင်းနှင့် စက်ရုံအောက်ဆုံးထပ်အတွင်း ရေဝင်ရောက်နစ်မြုပ်ခြင်းတို့ဖြစ်ပေါ်ခဲ့သောကြောင့် ဓာတ်အားထုတ်လုပ် ပေးနိုင်ခြင်း မရှိတော့ပါကြောင်း။
ပျက်စီးဆုံးရှုံးမှုစာရင်းအရ လိုအပ်သောပစ္စည်းများ ဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေတောင်းခံဝယ်ယူရေး ဆောင်ရွက်ပြီး အစားထိုးတပ်ဆင်စမ်းသပ်မောင်းနှင်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ သဖန်းဆိပ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပေးစက်များ ပြန်လည်မောင်းနှင် ဓာတ်အား ထုတ်လုပ်ချိန်တွင် ဓာတ်အားပေးစက်များကို သီးခြားမောင်းနှင်၍ ၃၃ ကေဗွီ သဖန်းဆိပ်-ကန့်ဘလူ ဓာတ်အားလိုင်းဖြင့် ကန့်ဘလူမြို့နှင့် ကျွန်းလှမြို့တို့သို့လည်းကောင်း၊ ၃၃ ကေဗွီ သဖန်းဆိပ်- လိပ်ဆင်းတောင် ဓာတ်အားလိုင်းဖြင့် စက်ရုံပတ်ဝန်းကျင်ရှိ ကျေးရွာများသို့လည်းကောင်း ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ပြည်မဲဆန္ဒနယ်မှ ဦးမျိုး(ခ)ဦးမျိုးအောင်၏ ပြည်မြို့နယ်၊ ရပ်ကွက်/ ကျေးရွာ အုပ်စုများရှိ ခေတ်ကာလနှင့် ကိုက်ညီမှုမရှိသော လျှပ်စစ်ဓာတ်အားပေးလိုင်း၊ ကြေးကြိုးများအား (TWO COVER) ရှိသော ကြိုးသစ်များ ဖြင့် မည်သည့်အချိန်တွင် အသစ်လဲလှယ်တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ပြည်မြို့နယ်၊ ရပ်ကွက်/ ကျေးရွာအုပ်စုများအတွင်း တည်ဆောက် သွယ်တန်းထားသည့် ၄၀၀ ဗို့ ဓာတ်အားလိုင်းများအနက် ၃၁ မိုင်မှာ သက်တမ်းကြာမြင့်ပြီး ကြိုးအရွယ်အစားသေးသည့်အတွက် မီးသုံးသူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေး၊ ဗို့အား ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးအတွက် Insulated Wire(ကာဗာကြိုး)များဖြင့် အစားထိုးလဲလှယ်ခြင်းကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေတွင် ဘဏ္ဍာနှစ် အလိုက် ထည့်သွင်းလျာထားပြီး နှစ်စဉ်ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ကလေးဝမဲဆန္ဒနယ်မှ ဦးတင်ထွန်းလွင်၏ ညောင်ပင်ကြီး- ဂန့်ဂေါ - ကလေး မဟာဓာတ်အားလိုင်း မှတစ်ဆင့် ကလေးဝ - မော်လိုက်အထိရရှိနေသော လျှပ်စစ်ဓာတ်အားများ ဖျက်ဆီးခံရ၍ ပြတ်တောက် လျက်ရှိပါကြောင်း၊ ဓာတ်အားလိုင်းပြုပြင်ရေးနှင့် မဟာဓာတ်အားလိုင်း ပြန်လည်တပ်ဆင်နိုင်ရေးကို ဦးစားပေးစီစဉ်ဆောင်ရွက်နိုင်ရေး ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က ကလေးဝမြို့နယ်အား ၂၃၀ ကေဗွီ ညောင်ပင်ကြီး-ချောင်းကူး ဓာတ်အားလိုင်းဖြင့် ချောင်းကူးဓာတ်အား ခွဲရုံတွင် ဓာတ်အားလက်ခံပြီး ၎င်းဓာတ်အားခွဲရုံမှတစ်ဆင့် ၆၆ကေဗွီ ချောင်းကူး - ဂန့်ဂေါ - ကလေး - ကလေးဝ ဓာတ်အားလိုင်းဖြင့် ချိတ်ဆက်၍ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးထားခြင်းဖြစ်ပါကြောင်း။
အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးမှုကြောင့် တာဝါတိုင် ၁၆ တိုင် ၂၀၂၅ ခုနှစ် မတ်လတွင် ပြိုလဲခဲ့ပါကြောင်း၊ ဓာတ်အားလိုင်း ပြန်လည်ပြုပြင်နိုင်ရေးလုပ်ငန်းကို နယ်မြေအခြေအနေအပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ တပ်ကုန်း မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားရရှိရန် ကျန်ရှိနေသော ကျေးရွာ ၂၄ ရွာကို 5 Year Plan ၏ လျာထားချက်အတိုင်း ၃၃ ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်ခန့်နှင့် ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံအား ကရင်ချောင်းကျေးရွာတွင် တည်ဆောက်ခြင်း၊ ၁၁ ကေဗွီဓာတ်အား လိုင်း ၆၂ ဒသမ ၉၈ မိုင် တည်ဆောက်ခြင်းနှင့် ၁၁/ဝ ဒသမ ၄ ကေဗွီ ၄၁၆ဝ ကေဗွီအေ တည်ဆောက်ခြင်း လုပ်ငန်းများအား ရေတို၊ ရေရှည် အစီအမံများချမှတ်၍ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က တပ်ကုန်းမြို့နယ်အတွင်း မီးလင်းရန်ကျန်ရှိနေ သော ကျေးရွာ ၂၄ ရွာရှိ အိမ်ခြေ ၅၈၀၀ ကျော် ဓာတ်အားရရှိရန်အတွက် ၃၃ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်နှင့် ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံတည်ဆောက်ခြင်း လုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေအား ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်မှစတင်၍ တင်ပြတောင်းခံပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ထို့ပြင် ဆောင်ရွက်ရန်ကျန်ရှိသည့် စိန်ပန်းပင်၊ စိန်ပန်းခိုင်၊ ဥသျှစ်ကုန်း၊ သဖန်းချောင်း၊ ကန့်နီ၊ ဇောင်းလျားကုန်း၊ လယ်ဇပင်၊ ဖက်သန်းတောင်နှင့် သံပုရာကုန်းကျေးရွာများ ဓာတ်အားရရှိရေး ၁၁ ကေဗွီ ဓာတ်အားလိုင်း ၂၀ ဒသမ ၇၇ မိုင်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ ထရန်စဖော်မာ ကိုးလုံး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကုန်ကျစရိတ် ကျပ် ၂၇၇၁ ဒသမ ၃၅၀ သန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ လက်ပံအိုင့်၊ ရွာသစ်၊ လွှပုံ၊ သာယာအေး၊ ညောင်ပင်သာလေး၊ ကျီးအင်းနှင့် မယ်ဇလီကျင်း ကျေးရွာများ ဓာတ်အားရရှိရေး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျ ငွေကျပ် ၁၅၀၄ ဒသမ ၁၀၀ သန်းအား ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင်လည်းကောင်း၊ သဲချောင်း၊ ညောင်ပင်ကွင်း၊ ရွှေမောင်းဂွက်၊ ချောင်းဆုံ (တောင်+မြောက်)၊ ညောင်ပတ်၊ အောင်သပြေ၊ တုံးချိုးနှင့် ကံနှစ်ဆင့် ကျေးရွာများ ဓာတ်အားရရှိရေး တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၂၈၁၅ ဒသမ ၇၄၀ သန်းအား ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်တွင်လည်းကောင်း နေပြည်တော်ကောင်စီ၏ ဘတ်ဂျက်ဖြင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးအဋ္ဌမနေ့တွင် လွှတ်တော်သို့ အသိပေးတင်ပြခဲ့ပြီး ဖြစ်သည့် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကော်မတီတို့တွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများနှင့် ကော်မတီများ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး နဝမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး ဒသမနေ့ကို ဇွန် ၁၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


