ရန်ကုန် ဇွန် ၁၇
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Pan Pacific Hotel ၌ ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားလာရေးဝန်ကြီး H.E. Mr. Hout Hak ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးသည်။
ဂုဏ်ပြုချီးမြှင့်
ယမန်နေ့ ညနေပိုင်းကလည်း တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ရိုးရာလက်ဝှေ့ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြိုင်ပွဲအမျိုးအစားအလိုက် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးပြီး ဗိုလ်လုပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများက အမျိုးသား 60 KG (ဂ)တန်းပြိုင်ပွဲနှင့် အမျိုးသား 63.5 KG (ဂ)တန်းပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုများ၊ အမျိုးသား(လူသစ်တန်း) ပြိုင်ပွဲနှင့် အမျိုးသား (ဂ) တန်းပြိုင်ပွဲတွင် အကောင်းဆုံး ဆုရရှိကြသူများ၊ အမျိုးသား(လူသစ်တန်း) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အသင်း၊ အမျိုးသား(ဂ)တန်းပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဗိုလ်တထောင်မြို့နယ်အသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် တွံတေးမြို့နယ်အသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့်ဆုဖလားများကို ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေတံဆိပ်၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်အများဆုံးရရှိသည့် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို


