နေပြည်တော် ဇွန် ၁၅
တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးဆဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးက တတိယအကြိမ် အမျိုးသား လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့သို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၂၀၉ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၂၀၆ ဦး တက်ရောက်သဖြင့် ထက်ဝက်ကျော်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညကာ အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအမျိုးသား လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးတင်မျိုးဇော်၏ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် မြင်စိုင်းကျေးရွာအုပ်စု မြင်စိုင်းကျေးရွာ မီးလင်းရေးအတွက် (11 KVA) ဓာတ်အားလိုင်း သွယ်တန်းခြင်းနှင့် ထရန်စဖော်မာ ချထားဆောင်ရွက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က မကွေးမြို့နယ် မြင်စိုင်းကျေးရွာအုပ်စု မြင်စိုင်းကျေးရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ သစ်ရာကောက်ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသည့် ၁၁ ကေဗွီ မိကျောင်းရဲဖီဒါမှ ဓာတ်အားရယူ ထားသော ၁၁ ကေဗွီ ဝက်လူးစမ်းကျေးရွာ ဓာတ်အားလိုင်းမှ တစ်ဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၂ မိုင် ခန့်နှင့် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၂၀၀ ကေဗွီအေ ထရန်စဖော်မာတစ်လုံး တည်ဆောက်သွားရမည် ဖြစ်ပါကြောင်း။
မြင်စိုင်းကျေးရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဘဏ္ဍာငွေခွင့်ပြုရရှိမှု မလုံလောက်ပါသဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ ဒသမ ၂ မိုင်အနက် ၁၁ ကေဗွီဓာတ်အားလိုင်း ၃ ဒသမ ၅၁ မိုင်နှင့် ၁၁/ ဝ ဒသမ ၄ ကေဗွီ ၂ဝဝ ကေဗွီအေ ထရန်စဖော်မာ တစ်လုံးတည်ဆောက်ခြင်း လုပ်ငန်းအတွက်ကိုသာ ခန့်မှန်းကုန်ကျ ငွေကျပ် (၄၉၆ ဒသမ ၃၅၁)သန်းဖြင့် ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်ရန်လျာထားနိုင်ခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်ရှိသော ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁ ဒသမ ၆၉ မိုင်ခန့် တည်ဆောက်ရန်အတွက် ခန့်မှန်းကုန်ကျငွေကျပ် (၂ဝ၆)သန်းခန့်အား ၂ဝ၂၆-၂ဝ၂၇ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြည့်စွက်ရန်ပုံငွေ (သို့မဟုတ်) အထွေထွေပိုလျှံရန်ပုံငွေတို့တွင် ဆက်လက်လျာထားတင်ပြ၍ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းနှင့် ဘဏ္ဍာငွေရရှိမှု အခြေအနေအရ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၁၂) နန်းဝိုးစိန်၏ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းပျဉ်းမြို့နယ် တုံတာမြို့နှင့် ပတ်ဝန်းကျင်ကျွေးရွာအုပ်စုများ လျှပ်စစ်မီးရရှိရေးအတွက် မဟာ ဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားခွဲ ရုံတစ်ရုံအား လာမည့်ဘဏ္ဍာရေးနှစ်တွင် တည်ဆောက် ပေးရန် အစီအစဉ်ရှိ၊ မရှိမေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က တုံတာမြို့အား နိုင်ငံတော် ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက မိုင်းပျဉ်း-တုံတာ ၆၆ ကေဗွီတာဝါတိုင် ဓာတ်အားလိုင်း ၃၃ မိုင် နှင့် ၆၆/၁၁ ကေဗွီ ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်သွားရမည်ဖြစ်ပြီး ခန့်မှန်းကုန်ကျစရိတ် ကျပ် ၃၅ ဒသမ ၀၀၃ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး တုံတာမြို့နှင့်ပတ်ဝန်း ကျင်ကျေးရွာ ၁၈ ရွာရှိ အိမ်ထောင်စုပေါင်း ၄,၃၇၅ စုအား ဓာတ်အားဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါကြောင်း။
သို့ပါ၍ တုံတာမြို့အား နိုင်ငံတော်ဓာတ်အားစနစ် ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မိုင်းပျဉ်း-တုံတာ ၆၆ ကေဗွီ တာဝါတိုင် ဓာတ်အားလိုင်း ၃၃ မိုင်နှင့် ၆၆/၁၁ကေဗွီ ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ တစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂ဝ၂၇-၂ဝ၂၈ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားလိုင်း ဆာဗေးတိုင်းတာ ခြင်းလုပ်ငန်းအားစတင်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂ဝ၂၈-၂ဝ၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ဘဏ္ဍာငွေခွင့်ပြုရရှိမှုအရ ဆက်လက်လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်း၏ ဝန်ကြီးဌာန များစာရင်းအရ ၂၀၁၈-၂၀၁၉ မှ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်အထိ အခြေခံပညာအထက်တန်းအဆင့် တက်ရောက်သူအရေအတွက်မှာ သိသာထင်ရှားစွာ ကျဆင်းလျက်ရှိနေပါသဖြင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် ကုစားမည့်အစီအမံ ရှိ၊ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အထက်တန်းဆင့် ကျောင်းသားဦးရေ ကျဆင်းရခြင်း မှာ ၂၀၁၉ ခုနှစ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားခဲ့၍ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းများ ယာယီပိတ်ခဲ့ရပါကြောင်း၊ ကိုဗစ်-၁၉ နှင့် နိုင်ငံရေးအခြေအနေများ ဖြစ်ခဲ့သည့် ပညာသင်နှစ်တွင်သာ အထက်တန်းဆင့်ကျောင်းသားဦးရေ သိသာစွာကျဆင်းခဲ့သော်လည်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ထိ အထက်တန်းဆင့် တက်ရောက် ကျောင်းသား ၃၄၀,၀၀၀ ခန့် တိုးတက်လာ သည်ကို တွေ့ရှိရပါကြောင်း၊ အထက်တန်းဆင့်သင်ကျောင်းသားဦးရေ တိုးတက်လာရေးသည် မူလတန်းနှင့် အလယ်တန်းဆင့်သင် ကျောင်းသားဦးရေ တိုးတက်မှုပေါ်တွင် မူတည်သည်ဖြစ်ရာ ယခုနှစ်တွင် Placement Test (အထူးအစီ အစဉ်)ကို ဆောင်ရွက်ပေးပြီး ကျောင်းပြင်ပရောက် မူလတန်းနှင့် အလယ်တန်းကျောင်းသား ၁၅၀,၀၀၀ ခန့်ကျောင်းများသို့ ပြန်လည်ဝင်ရောက်နိုင်မည် ဖြစ်ပါကြောင်း။
အခြေခံပညာအထက်တန်းဆင့်တွင် တက်ရောက် ခြင်းမရှိဘဲ ကျောင်းထွက်ပြီး အစိုးရလုပ်ငန်းများနှင့် ပြင်ပလုပ်ငန်းများတွင် အလုပ်လုပ်နေသူများ၊ စီးပွား ရေး၊ လူမှုရေး၊ ဒေသအခက်အခဲ စသည့်အကြောင်း အမျိုးမျိုးကြောင့် ကျောင်းဆက်လက် မတက်ရောက် နိုင်သူများအတွက် Grade 10 နှင့် Grade 11 ကျောင်းတွင်းစစ် (ပြင်ပဖြေ) စာမေးပွဲများကို နှစ်စဉ်မေလတွင် ကျင်းပပေးလျက်ရှိပါကြောင်း၊ ကျောင်းတွင်းစစ် (ပြင်ပဖြေ) အောင်မြင်သူများသည် Grade 12 (တက္ကသိုလ်ဝင်စာမေးပွဲ)တွင် ပြင်ပဖြေ အဖြစ် ဖြေဆိုခွင့်ရရှိပြီး အောင်မြင်ပါက အဆင့်မြင့်ပညာ ဆက်လက်သင်ယူခွင့် ရရှိမည်ဖြစ်ပါကြောင်း။
အထက်တန်းဆင့် (Grade 12) ကျောင်းသားများအား စံသတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး “အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ်” ပေးအပ်နေသည့်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် သင်ကြားသင်ယူမှု တိုးတက်ခြင်း/ နိမ့်ကျခြင်း၊ ကျောင်းသားဦးရေ တိုးလာခြင်း/ လျော့ကျခြင်း၊ ကျောင်းများ ဖွင့်လှစ်ခြင်း/ ယာယီပိတ်ထားရခြင်းစသည့် မြေပြင်ပကတိအခြေအနေအမှန်ကို ကွင်းဆင်းကြီးကြပ်မှုများ၊ စာရင်းဇယားကောက်ယူမှုများ အစဉ်ဆောင်ရွက်ပြီး စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာ ဆန်းစစ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပံ့ပိုးပေးလျက် ရှိပါကြောင်း၊ ထို့ပြင် ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့်လည်း ချိတ်ဆက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေး ကော်မတီ ကော်မတီဥက္ကဋ္ဌအဖြစ် ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂) ဒေါက်တာမနာမ်တူးဂျာနှင့် အတွင်းရေးမှူးအဖြစ် ကယားပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) ဦးရှားရယ်တို့အပါအဝင် အဖွဲ့ဝင် ၁၅ ဦး၏ အမည်စာရင်း၊ ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့်သက်တမ်းတို့ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ သဘောတူသဖြင့် နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးအောင်ချစ် လွင်၏ အခြေခံပညာကျောင်းများရှိ ပညာသင်ကြားရေး ဆရာ၊ ဆရာမများ လိုအပ်နေမှုအခြေအနေကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၅) ဦးထိန်လင်းက ဆရာ၊ ဆရာမဦးရေမလုံလောက်ဘဲ ကျောင်းသားဦးရေ အများအပြားကို ထိန်းကျောင်းသင်ကြားနေရခြင်းသည် ကလေးတစ်ဦးချင်းစီအပေါ် ဂရုမစိုက်နိုင် တော့ဘဲ သင်ကြားမှု၊ သင်ယူမှု၊ ဆန်းစစ်အကဲဖြတ်မှု စသည့် အရည်အသွေးများ ကျဆင်းလာနိုင်ပါကြောင်း၊ ရှိသည့် ဆရာ၊ ဆရာမအင်အားဖြင့် သတ်မှတ်ချိန်၊ သတ်မှတ်ချက်ထက်ပိုသင်ကြားရခြင်း၊ ကျောင်းစီမံ ခန့်ခွဲမှုလုပ်ငန်းများပါ ဆောင်ရွက်ရခြင်းတို့ကြောင့် ဆရာ၊ ဆရာမများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်နိုင်ပါကြောင်း၊ ဆရာ၊ ဆရာမအင်အား မပြည့်စုံသည့် အရပ်ဒေသက ကလေးများသည် ဆရာ၊ ဆရာမ အင်အားပြည့်စုံသည့် အရပ်ဒေသက ကလေးများနှင့် နှိုင်းယှဉ်ပါက အနာဂတ်ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများတွင် ကွာဟမှုရှိနိုင်ပါကြောင်း။
ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်တည်တံ့သည့် အကျိုးကျေးဇူးကို ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးရန် အခြေခံအုတ်မြစ်လည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုး တိုးတက်မှုနှင့် အရည်အသွေးရှိသည့် ပညာရေးစနစ် တစ်ခု တည်ဆောက်နိုင်ရန် အခြေခံပညာအဆင့် စာသင်ကျောင်းများတွင် သင်ကြားရေး ဆရာ၊ ဆရာမ ပြည့်စုံလုံလောက်စွာရှိစေရန် လိုအပ်သည့်အတွက် အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ဦးဉာဏ်ထွန်းက တနင်္သာ တိုင်းဒေသကြီးရှိ မြို့နယ်များအပါအဝင် အခြား မြို့နယ်များတွင်လည်း သင်ကြားရေးဆရာ၊ ဆရာမများ လိုအပ်ချက်သည် အနည်းနှင့်အများ ရှိနေမည်ဟု မျှော်လင့်မိပါကြောင်း၊ ထို့ကြောင့် လစ်လပ်လျက်ရှိသော သင်ကြားရေးဆရာ၊ ဆရာမများနေရာတွင် လက်ရှိ ဆရာ၊ ဆရာမများကို မွေးထုတ်ပေးလျက်ရှိသော ပညာရေးတက္ကသိုလ်များ၊ ပညာရေးဒီဂရီ ကောလိပ်များ၊ ပညာရေးကောလိပ်များတွင် ဝင်ဆံ့အင်အား ထက် ပိုမိုခေါ်ယူသင့်ပါကြောင်း၊ အခြားသင့်တော်သော နည်းလမ်းများဖြင့်လည်း အချိန်မီဖြည့်ဆည်းခန့် ထားပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း၊ သို့မှသာ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို မုချတည်ဆောက်နိုင်မည် ဖြစ်ပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဒေါ်မာလာဆန်းက ပြောင်းလဲလာသည့် သင်ရိုးသစ် သင်ကြားနည်းစနစ်များအရ ဆရာ၊ ဆရာမအင်အားများ ထပ်မံလိုအပ်လာခဲ့ပါကြောင်း၊ ယခုသင်ရိုးသစ်နှင့် သင်ကြားနည်းစနစ်သည် တစ်ဦးချင်း၊ အုပ်စုလိုက်နှင့် အတန်းလိုက် ဆွေးနွေးခြင်း လုပ်ငန်း၊ ဆွေးနွေးမှုကို ပြန်လည်ဆန်းစစ်အဖြေ ထုတ်သည့်လုပ်ငန်းများ၊ ကျောင်းသား တစ်ဦးချင်း၏ တတ်မြောက်မှုများကို သင်ယူနေစဉ် စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းများ ပါဝင်လာသည့်အတွက် သင်ကြားသည့် ဆရာ၊ ဆရာမများသည် တာဝန်ကျသည့်အတန်းကို အချိန်ပြည့် တာဝန်ယူထားနိုင်မှ သာလျှင် သင်ကြားရေးထိရောက် အောင်မြင်မည် ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမ အင်အားမလုံလောက်၍ ပူးတွဲသင်ကြားနေရပါက သင်ကြားသင်ယူမှု ဦးတည်ချက်များကို ပေါက်မြောက်အောင် ဆောင်ရွက် နိုင်ခြင်းမရှိနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွက်အမျိုးသား ပညာရည်မြင့်မားရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သင်ကြားရေး ဆရာ၊ ဆရာမ အင်အားပြည့်စုံနေရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ “အမျိုးသားပညာရည်မြင့်မားရေး”နှင့် သင်ရိုးသစ်သင်ကြား ရေးလုပ်ငန်းများ ထိရောက် အောင်မြင်စေရန် ရှေးရှု၍အဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈)ခွန်စောလွင်က ပညာရေးကောလိပ်နှင့် ပညာရေးတက္ကသိုလ်များမှ သင်ကြားရေး ဆရာများ ပိုမိုမွေးထုတ်သွားနိုင်ရန် နိုင်ငံတော်မှ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ တိုးမြှင့်ပံ့ပိုးပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ရေတိုဖြေရှင်းချက်အနေဖြင့် မြေပြင်တွင် အမှန်တကယ် စာသင်ပြနေသည့် ကျေးရွာလူထုခန့် ပြင်ပတက္ကသိုလ်ဘွဲ့ရ သင်ကြားရေးဆရာများနှင့် အခြားသော တက္ကသိုလ်ဘွဲ့ရလူငယ်များအား ကာလတို ဆရာအတတ်သင်ပညာ သင်တန်းများပေး၍ စနစ်တကျ တရားဝင်ခန့်အပ်ခြင်းဖြင့် အရေးပေါ်လိုအပ်လျက်ရှိသော ဘာသာရပ်များနှင့် ကျောင်းများအတွက် လုပ်ငန်းခွင်အတွင်းသို့ အမြန်ဆုံး အင်အားဖြည့်တင်း ခန့်အပ်ရန်လိုပါကြောင်း။
ပညာရေးလုပ်ငန်းခွင်တွင် အသက်မွေးဝမ်းကျောင်းတစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရန် လိုအပ်သည့် ဒေသများတွင် ဒေသစရိတ်၊ လူမှုရေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းပေးမှုနှင့် ထိုက်တန်သော လစာချီးမြှင့်ငွေများကို ပြန်လည်စိစစ်တိုးမြှင့် ပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ဘက်ပေါင်းစုံ လေ့လာသုံးသပ်ပြီး သင်ကြားရေး ဆရာများအချိန်မီဖြည့်ဆည်းနိုင်စေရန်အလို့ငှာအဆိုကို ထောက်ခံပါ ကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆) ဒေါ်အေးချမ်းမုံက ဆရာ၊ ဆရာမ အင်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းနိုင်ရေးကို အကောင်အထည် ဖော်ဆောင်ရာတွင် ဘက်စုံ ချဉ်းကပ်မှုဖြင့် ဆောင်ရွက်သင့်သည်ဟု ထင်မြင်မိပါကြောင်း၊ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများ လိုအပ်နေမှုကို နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးရာတွင် ဆရာ၊ ဆရာမများ၏ လစာနှင့် ခံစားခွင့်များကို လက်ရှိစီးပွားရေးအခြေအနေနှင့် ကိုက်ညီစေရန် အခါအားလျော်စွာ ပြန်လည် သုံးသပ်ဆောင်ရွက်သင့်ပါကြောင်း၊ ခက်ခဲသောဒေသများတွင် တာဝန်ထမ်းဆောင်နေရသော ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ကြေးများသည် အမှန်တကယ် ကုန်ကျစရိတ်များအပေါ် အခြေခံ၍ လက်တွေ့ဘဝအတွက် အထောက်အကူပြုနိုင်မည့် ထောက်ပံ့ကြေး ဖြစ်စေရန်လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများ၏ လုံခြုံရေး၊ နေထိုင်ရေး၊ အစီအမံများကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်သင့်ပါကြောင်း၊ ဆရာ၊ ဆရာမ အင်အားဖြည့်တင်းရေးသည် ရေရှည်စီမံကိန်းတစ်ခု အဖြစ်သာမက အချိန်မီဖြေရှင်းရမည့် အရေးပေါ် တာဝန်တစ်ခုလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံကျောင်းများရှိ ဆရာ၊ ဆရာမ လိုအပ်နေမှုကို နိုင်ငံတော်မှ အချိန်မီဖြည့်ဆည်းပေးနိုင်ရေးအဆိုကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်ကျော်လင်း (ခ)ဦးထိန်လင်းက ကျေးလက်ဒေသများနှင့် ဝေးလံခေါင်သီသော ဒေသများတွင် ဆရာ၊ ဆရာမလိုအပ်ချက် ပိုမိုမြင့်မားနေပြီး ဘာသာရပ်အလိုက် သင်ကြားပေးနိုင်မှု မပြည့်စုံခြင်း၊ အတန်းများတွင် သင်ကြားမှု အရည်အသွေး မညီမျှခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမလိုအပ်ချက်ကြောင့် လက်ရှိ ဆရာ၊ ဆရာမများအပေါ် ဝန်ထုပ်ဝန်ပိုး ပိုမိုတိုးပွားစေပြီး သင်ကြားရေးအရည်အသွေး ကျဆင်းနိုင်သည့် အန္တရာယ်လည်း ရှိနေပါကြောင်း၊ ထို့ကြောင့် ဆရာ၊ ဆရာမ လိုအပ်မှုကိုအချိန်မီ ဖြည့်ဆည်းဆောင်ရွက် ပေးရန်သည် နိုင်ငံတော်၏ အနာဂတ်ပညာရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်သော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသောကြောင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၈) ဦးတင်မောင်ဝင်းက ပညာရေးမူဝါဒ အောင်မြင်ရန်အတွက် မြေပြင်တွင် အမှန်တကယ် သင်ကြားမည့် ဆရာ၊ ဆရာမ အင်အား အပြည့်အဝရှိနေရန် လိုအပ်ပါကြောင်း၊ ပညာရေး မူဝါဒတွင် အရည်အသွေးရှိသည့် ပညာရေးနှင့် လူတိုင်းလက်လှမ်းမီသည့် ပညာရေးဖြစ်သော်လည်း မြေပြင်တွင် အမှန်တကယ်သင်ကြားမည့် ဆရာ၊ ဆရာမ မလုံလောက်ပါက ထိုမူဝါဒများသည် အောင်မြင်နိုင်မည် မဟုတ်ပါကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် ပညာရေးမူဝါဒများ အောင်မြင်ရန်အတွက် ဆရာ၊ ဆရာမ အင်အားအပြည့်အဝ ဖြည့်ဆည်းခန့်အပ်ပေးရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမသည် ကျောင်းသားများ၏ လမ်းပြကြယ် ဖြစ်ပြီး ကျောင်းသားသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်ပါသောကြောင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇) ဦးသိန်းလှိုင်က ပညာရေး ဝန်ထမ်းဖြည့်ဆည်းရမည့်လုပ်ငန်းသည် ပညာရေးဝန်ကြီးဌာန တစ်ခုတည်းက ဆောင်ရွက်ခြင်းထက် ပြည်သူလူထု၊ လွှတ်တော်နှင့် အစိုးရအဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပညာရေးဝန်ထမ်းအရင်းအမြစ်များ ရုတ်တရက်လျော့နည်းပျောက်ကွယ်ခဲ့ရသည့် အခြေအနေမှ ပြန်လည် ဖြည့်ဆည်းရာတွင် ပညာရေးဝန်ထမ်းသည် သင်တန်းအဆင့်ဆင့် လေ့ကျင့်သင်ကြားထားသူများသာ ဖြစ်သင့်ပါကြောင်း၊ ပညာအရည်အချင်းမီရုံနှင့် ခန့်ထား၍မရသည့်အတွက် အခက်အခဲရှိပါကြောင်း၊ ထိုအရာများကို ပညာရေးဝန်ကြီးဌာနက ခက်ခက်ခဲခဲ ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ကရင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁)နော်ယုဇနဝါက စာသင်ကျောင်း တစ်ကျောင်းအားခွင့်ပြုပြီဆိုပါက ယင်းစာသင် ကျောင်းတွင် ဦးဆောင်သင်ကြားပေးမည့် ဆရာ၊ ဆရာမဝန်ထမ်းများကို ဖွဲ့စည်းပုံအပြည့် ခန့်အပ်ပေး ရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ ပညာရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေသောဌာနများတွင် အခြေခံပညာ ဦးစီးဌာနကို ဘတ်ဂျက်အများဆုံး သုံးစွဲသည်ကိုလည်း တွေ့ရပါကြောင်း၊ ဘားအံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်မှ ဘွဲ့ရ၊ မဟာ ဘွဲ့ရ၊ ပါရဂူဘွဲ့ရပညာတတ်များကို ပြည်နယ်အတွင်းရှိ ပညာရေးဌာနများ၌ ဦးစားပေးခန့်အပ်ပေးပါရန်နှင့် အဆိုအားထောက်ခံပါကြောင်း ဆွေးနွေးသည်။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀) ဦးသန်းအေး(ခ) ဦးတင်ဦးက အခြေခံပညာကျောင်းများအတွက် ဆရာ၊ ဆရာမ လိုအပ်မှုတွင် မူလတန်းနှင့် အလယ်တန်းဆရာ၊ ဆရာမများအတွက် အရည်အချင်းသတ်မှတ် ချက်ပြည့်မီမှု လွယ်ကူနိုင်သော်လည်း အထက်တန်းပြ ဆရာ၊ ဆရာမ အရည်အချင်းသတ်မှတ်ချက်ပြည့်မီမှုကို အချိန်တိုအတွင်း တစ်နိုင်ငံလုံးအတွက် ဖြည့်ဆည်း ပေးရန် လက်တွေ့မြေပြင်တွင် အခက်အခဲရှိနိုင်ပါကြောင်း၊ သတ်မှတ်အရည်အချင်းများ လျှော့ပေါ့ ဖြည့်ဆည်းခန့်ထားပေးရန်လည်း မဖြစ်နိုင်ပါကြောင်း၊ အရည်အချင်းမီ ဆရာ၊ ဆရာမများ မွေးထုတ် လေ့ကျင့်သင်ကြားပေးမည်ဆိုပါကလည်း ကာလအပိုင်းအခြားတစ်ခု အချိန်ယူရခြင်းမျိုး ရှိနိုင်ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများအတွက် သင်ကြားရေးဆရာ၊ ဆရာမများ အချိန်မီ ပြည့်စုံ လုံလောက်စွာ ဖြည့်ဆည်းခန့်ထားရန် ပကတိအနေအထားနှင့် ဆီလျော်ကိုက်ညီခြင်း မရှိပါကြောင်း၊ အဆိုအောင်မြင်ပြီး လွှတ်တော်က အတည်ပြုဆုံးဖြတ် မည်ဆိုပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြည့်ဆည်းအကောင်အထည်ဖော်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနအတွက် များစွာအခက်အခဲ တွေ့စေမည်ဖြစ်ပါကြောင်းနှင့် မိမိဆွေးနွေးသည့် အချက်အလက်များကို လွှတ်တော်က ထည့်သွင်း စဉ်းစားပြီးမှသာ အဆိုကို ဆုံးဖြတ်သင့်ပါကြောင်း ဆွေးနွေးသည်။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၂)ဦးကျော်တင့်က အခြေခံ ပညာသင်ကြားရေးကာလကို KG+10 (၁၁)နှစ် သင်ကြားရေးကာလမှ KG+12 (၁၃) နှစ်သင်ပညာ သင်ကြားရေးကာလအဖြစ်သို့ ၂ တန်းတိုးမြှင့် သင်ကြားရန် သတ်မှတ်ပြဋ္ဌာန်းခဲ့သောကြောင့် ဆရာ၊ ဆရာမ လိုအပ်မှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုများ ဖြစ်ပေါ်သောကြောင့် သင်ကြားရေး ဆရာ၊ ဆရာမများ လစ်လပ်ပြုန်းတီးမှုများပြားခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမ ခန့်ထားရေးအတွက် ဝန်ကြီးဌာနက သတ်မှတ်ထားသော မူများရှိသည်ကို သိရှိပါကြောင်း၊ ဆရာအတတ်သင် ကောလိပ် လေးနှစ် သင်တန်းများဖွင့်လှစ်ပြီး ဆရာ၊ ဆရာမများကို ခန့်အပ်လျက်ရှိသည် ကိုလည်း သိရှိပါကြောင်း၊ ၂၀၂၅ ခုနှစ်မူလတန်းပြဆရာအဖြစ် ဝင်ခွင့်စာမေးပွဲများကျင်းပပြီး အောင်မြင်ကြသူများကို မူလတန်း ဆရာအဖြစ် သင်တန်းများ တက်ရောက်စေခဲ့ပါသော်လည်း ယင်းအင်အားများကိုလည်း ခန့်ထားခြင်း မရှိသေးကြောင်းကိုလည်း သိရှိရပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆရာ၊ ဆရာမများအဖြစ် ခန့်ထားနိုင်ရန် အရည်အချင်းပြည့်ဝသူများ နည်းပါးသဖြင့် ခန့်ထားမှု အရေအတွက် အခက်အခဲများ ရှိသည်ကိုလည်းသိရပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်လေးနှစ် သင်တန်းဆင်းများကိုလည်း ခန့်ထားမှုနှောင့်နှေးကြန့်ကြာမှုမရှိအောင် အချိန်မီခန့်ထားနိုင်ရေးကို ဆောင်ရွက်ပေးစေလိုကြောင်းနှင့် အဆိုအား ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ၂၀၁၈-၂၀၁၉ မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အထိ အထက်တန်းကျောင်း ၆၄၈၀၊ အလယ်တန်းကျောင်း ၁၅၇၃၂ ကျောင်း၊ မူလတန်း ၂၅၆၄၁ ကျောင်း စုစုပေါင်း ၄၇၈၅၃ ကျောင်းတွင် ဆရာ၊ ဆရာမ အင်အား ၃၀၇၉၁၄ ဦး ရှိပါကြောင်း၊ ဆရာ၊ ဆရာမများ ဖြည့်ဆည်းရေး အထက်တန်းပြအတွက် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ် စုစုပေါင်း သုံးကျောင်းရှိပြီး အလယ်တန်းပြနှင့် မူလတန်းပြအတွက် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်း ရှိပါကြောင်း၊ အထက်တန်းပြဆရာများ ပိုမိုမွေးထုတ်နိုင်ရန်အတွက် ပညာရေးဒီဂရီကောလိပ်အချို့ကို ၂၀၂၆ ခုနှစ်မှစတင်ကာ ဆရာအတတ်ပညာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ သို့သော်လျှောက်ထား သည့်ဦးရေအပေါ်မူတည်ပြီး လေ့ကျင့်မွေးထုတ်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့်လျှောက်ထားသူဦးရေတိုးလာရေး လိုအပ်ပါကြောင်း။
ဆရာ၊ ဆရာမများ လိုအပ်ချက်အတွက် ဆွဲခန့် ဆရာ၊ ဆရာမများအဖြစ် အလွယ်တကူ ခန့်ထားဆောင်ရွက်၍ မရပါကြောင်း၊ အခြေခံပညာသင်ရိုးသည် နိုင်ငံတကာသင်ရိုးနှင့်အညီ အဆင့်မီသည့် သင်ရိုးဖြစ်သည့်အတွက် ဆရာအတတ်ပညာကို သိရှိနားလည်သော ဆရာအတတ်ပညာ လက်မှတ်ရ အရည်အသွေးရှိ ဆရာ၊ ဆရာမများ ခန့်ထားရန် လိုအပ်ပါကြောင်း၊ အရည်အသွေးရှိသည့် ဆရာ၊ ဆရာမများ ခန့်ထားပြီး သင်ကြားပို့ချမှသာလျှင် အရည်အသွေးပြည့်ဝသော ကျောင်းသား ကျောင်းသူ များဖြစ်လာနိုင်မည် ဖြစ်ပါကြောင်း။
အရည်အသွေးရှိသော ဆရာ၊ ဆရာမများ ဖြည့်ဆည်းနိုင်ရေးအတွက် ဘွဲ့ရရှိပြီး ဆရာ၊ ဆရာမများအဖြစ် လျှောက်ထားလိုသော လူငယ်များရှိပါက မကြာမီသတင်းစာတွင် ထည့်သွင်းပြီး ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP) အမှတ်စဉ်(၃)ကို ၂၀၂၆ ခုနှစ် အောက်တိုဘာတွင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ အသက်ကန့်သတ် ချက်အနေဖြင့်လည်း ပြင်ပမှဖြစ်ပါက ဘွဲ့တစ်ခုခု ရရှိပြီးသူများသည် အသက် ၃၇ နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် ၄၂ နှစ်အထိ ဖြေလျှော့ထားပါကြောင်း၊ ဆရာ၊ ဆရာမများ လျှောက်ထားကြရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း။
သို့ပါ၍ ဆရာ၊ ဆရာမများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆရာ့လုပ်ငန်းအပေါ် တန်ဖိုးထားတတ်သော နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိသော ဆရာ၊ ဆရာမ လောင်းများ ဆရာအတတ်ပညာသင်တန်းများ တက်ရောက်နိုင်ရေး၊ အရည်အသွေးရှိသော ဆရာ၊ ဆရာမများလိုအပ်နေမှုကို အချိန်မီဖြည့်ဆည်းပေး နိုင်ရေးသည် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာန မှသာ တာဝန်ယူဆောင်ရွက်၍ မရနိုင်ဘဲ မိဘပြည်သူ များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည့် ရေရှည်လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကအဆိုရှင်၏ သဘောထားအားမေးမြန်းရာ အဆိုရှင်က မိမိအဆိုအား မှတ်တမ်းအဖြစ်ထားရှိပေးပါရန် ပြောကြားသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ ဆန္ဒအရလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးဆဋ္ဌမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးသတ္တမနေ့ကို ဇွန် ၁၈ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


