လင်းခေး ဇွန် ၁၅

 

ရှမ်းပြည်နယ် (တောင်ပိုင်း)လင်းခေးမြို့နယ်၌ မျိုးစေ့နှင့် မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို မေ ၁၄ ရက် မွန်းလွဲပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

 

ရှင်းလင်းတင်ပြ

 

အခမ်းအနားတွင် ရှမ်းပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက အမှာစကား ပြောကြားသည်။ ဆက်လက်၍ လင်းခေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါ်အေးမို့မို့ထွန်းက ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် မျိုးစေ့ထုတ်နှင့် စံပြကွက်များ စိုက်ပျိုးကြမည့် တောင်သူများအား မျိုးစေ့နှင့် မြေဩဇာ ထောက်ပံ့ပေးရခြင်း နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ပြည်နယ်မှူးနှင့် တာဝန်ရှိသူများက ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် စပါး၊ နေကြာ သီးနှံများ မျိုးစေ့ထုတ်နှင့် စံပြကွက် စိုက်ပျိုးမည့် တောင်သူ ၂၅ ဦး အတွက် ယူရီးယားမြေသြဇာ ၂၅ အိတ်၊ ကွန်ပေါင်း ၂၅ အိတ်၊ ပေါင်းစည်းလယ်ယာအိတ် ၁၀၀၊ စပါးကီလို ၂၀၀၊ နေကြာ ၁၅ ကီလို နှင့် နှမ်းသီးနှံပန်းတိုင်အထွက်နှုန်း ရရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူကိုးဦးအတွက် တစ်ဦးလျှင် ယူရီးယားမြေသြဇာ ခြောက်ပြည်နှုန်းကို တတိယ အကြိမ်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုင်းဇော်လတ်(လင်းခေး)