ရန်ကုန်    ဇွန်    ၁၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  မြန်မာနေရှင်နယ်လိဂ်က ကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုး ကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ  ပွဲစဉ်(၁) ပထမနေ့ကို ဇွန် ၁၅ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပရာ အား/ကာသိပ္ပံအသင်းက ရှမ်းယူနိုက်တက်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

ချန်ပီယံဆု သုံးကြိမ်ရဖူးသည့် အား/ကာသိပ္ပံအသင်းသည် ဂိုးပြတ်ရလဒ်ဖြင့် အဖွင့်လှခဲ့ပြီး သုံးမှတ်အပြည့်ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည်  ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း  အနိုင်ရလဒ်ကို မထိန်းနိုင်သဖြင့် ဂိုးများပြန်ပေးရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ပွဲအစပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၁၈ မိနစ်တွင် ဝင်းသဇင်အောင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် အား/ကာသိပ္ပံအသင်းက  ချေပဂိုးရရန် အားထည့်ကစားခဲ့ပြီး ၃၂ မိနစ်တွင် မိုးမမစိုးက ခေါင်းတိုက်ပြီး ဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုး ရပြီးနောက် အား/ကာသိပ္ပံအသင်းက ဆက်တိုက်ဖိကစားကာ ၃၈ မိနစ်တွင် စန္ဒာလင်း၊ ၄၁ မိနစ်တွင် လင်းမြင့်မိုရ်တို့က ဂိုးများ ဆက်တိုက်သွင်းယူကာ ပထမပိုင်းအပြီးတွင် သုံးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေသည်။  ဒုတိယပိုင်းတွင်  နှစ်သင်းစလုံး  အပြန်အလှန်တိုက်စစ်ကစားနိုင်သော်လည်း အား/ကာသိပ္ပံအသင်းက ဂိုးသွင်းခွင့်ပိုရခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် စတုတ္ထအနိုင်ဂိုးကို ၈၈ မိနစ်တွင် ဆုပြည့်ပြည့်ကျော်က သွင်းယူခဲ့သည်။

ယခုပွဲ၏ အကောင်းဆုံးကစားသမားဆု (AYA Pay Player of the Match) ကို အား/ကာသိပ္ပံ အသင်းမှ လင်းမြင့်မိုရ်က ရရှိခဲ့သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - စိုးညွန့်သော်