မင့်စ် ဇွန် ၁၄
တရုတ်နိုင်ငံ၏ လက်ဖက်ရည် ရိုးရာယဉ်ကျေးမှုအခမ်းအနားကို ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင် ဇွန် ၁၃ ရက်က ကျင်းပရာ တရုတ်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှ အဆိုအကအဖွဲ့နှင့် ဘယ်လာရုစ်နိုင်ငံတော် အကအဖွဲ့တို့မှ ဖျော်ဖြေတင်ဆက်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တက်ရောက်လာသူများသည် Xinyang Maojian အစိမ်းရောင် လက်ဖက်ရည်၊ Xunxian ကောင်တီမှ "Wanfu Tigers"ကဲ့သို့သော ရိုးရာအရုပ်များနှင့် Zhuxian မြို့နယ်မှ သစ်သားတုံးနှစ်သစ်ကူးပုံနှိပ်များအပါအဝင် ယဉ်ကျေးမှုပြပွဲအမျိုးမျိုးကို လေ့လာခဲ့ကြပြီး လက်ရေးလှရေးခြင်း၊ စက္ကူဖြတ်ခြင်း၊ ပန်းချီဆွဲခြင်းနှင့် ကြိုးချည်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများတွင် ပါဝင်ခဲ့သည်။
အခမ်းအနားတွင် တရုတ်ရိုးရာ အစားအသောက်ပွဲတော်ကိုလည်း ကျင်းပခဲ့သည်။
လက်ဖက်ရည်၏ မွေးရပ်မြေဖြစ်သော တရုတ်နိုင်ငံသည် ရှေးဟောင်းအဖျော်ယမကာဖြစ်သည့် လက်ဖက်ရည်ကို တရုတ်လူမျိုးများ၏ နေ့စဉ်ဘဝ၊ ကျင့်ဝတ်နှင့် စိတ်ဓာတ်မြှင့်တင်ရေး ကမ္ဘာထဲသို့ ပေါင်းစပ်ထည့်သွင်းထားကြောင်း ဘယ်လာရုစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဇန်ဝမ်ချောင်က ပြောကြားခဲ့သည်။
“မိမိတို့သည် လက်ဖက်ရည်သောက်ကြပြီး တစ်ပြိုင်နက်တည်းတွင် ငြိမ်းချမ်းမှု၊ အလုံးစုံပါဝင်မှုနှင့် အပြန်အလှန်သင်ယူမှုတို့၏ အထူးခံစားချက်ကို ချိတ်ဆက်မိကြသည်။ လက်ဖက်ရည်၏ နူးညံ့သိမ်မွေ့သော ရနံ့သည် သင့်မှတ်ဉာဏ်တွင် အမြဲတည်ရှိနေပြီး တရုတ်နိုင်ငံနှင့် ဘယ်လာရုစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှုစာအုပ်တွင် နောက်ထပ်အခန်းသစ်တစ်ခု ဖြည့်စွက်နိုင်ပါစေ”ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ဖက်ရည်သည် ရှေးဟောင်းအဖျော်ယမကာတစ်ခုသာမက တရုတ်ရိုးရာယဉ်ကျေးမှု၏ မရှိမဖြစ် အစိတ်အပိုင်းတစ်ခုလည်းဖြစ်ကြောင်း မင့်စ်မြို့တော် အလုပ်အမှုဆောင်ကော်မတီ ပထမ ဒုတိယ ဥက္ကဋ္ဌ အလက်ဇန္ဒား ကိုမန်ဒန့်က ပြောကြားသည်။
မိမိတို့တစ်ဦးစီသည် ဤပွဲအတွင်း တရုတ်ရိုးရာဓလေ့ကို ထိတွေ့ဆက်ဆံပြီး ၎င်း၏အနှစ်သာရများကို ခံစားကာ အရသာရှိပြီး ရနံ့မွှေးကြိုင်သော တရုတ်လက်ဖက်ရည်ကို သောက်သုံး၍ အတွင်းစိတ်ဟန်ချက်ညီမှုကိုရရှိကာ တစ်ဦးနှင့်တစ်ဦး ပိုမိုနီးကပ်လာမည်”ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


