နေပြည်တော် ဇွန် ၁၄
ရန်ကုန်ကလေးဆေးရုံကြီး၌ အသက်နှစ်နှစ်၊ ငါးလအရွယ်ရှိ ရင်ချင်းဆက်အမြွှာ မိန်းကလေးများဖြစ်ကြသည့် မကြာညိုသင်းနှင့် မကြာညိုသိမ့်တို့အား ခွဲစိတ်ကုသမှု (Separation Surgery) ကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်မှစတင်ကာ စုစုပေါင်းခွဲစိတ်ချိန် ၉ နာရီ ၃၅ မိနစ်ကြာဆောင်ရွက်၍ ကလေးများ၏ ကျန်းမာရေးအခြေအနေတည်ငြိမ်ကောင်းမွန်မှုကြောင့် အထူးကြပ်မတ်ကုသဌာနတွင် စောင့်ကြည့်ကုသလျက်ရှိသည်။
အဆိုပါ ကလေးငယ်များသည် ပခုက္ကူမြို့နေ အသက် ၃၁ နှစ်အရွယ်မိခင်မှ ဒုတိယမြောက် ကိုယ်ဝန်အဖြစ် မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် လာရောက်ခွဲစိတ်မွေးဖွားခဲ့ခြင်းဖြစ်ပြီး မွေးဖွားပြီးချိန်မှစ၍ ခုတင် (၅၅၀) ဆံ့ မန္တလေးကလေးဆေးရုံကြီးတွင်ထားရှိကာ အသက်ခြောက်လအရွယ်တွင် ခုတင် (၅၅၀) ဆံ့ ရန်ကုန်ကလေးဆေးရုံကြီး (ရန်ကင်း) ၌ထားရှိပြီး ပြုစုစောင့်ရှောက်ပေးခဲ့သည်။
ထိုသို့ ပြုစုစောင့်ရှောက်ချိန်တစ်လျှောက်တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မန္တလေးနှင့်ရန်ကုန်မှ ဆေးရုံအုပ်ကြီးများ၊ ကလေးအထူးကုဆရာဝန်ကြီးများ၊ မေ့ဆေးအထူးကုဆရာဝန်ကြီးများ၊ ခွဲစိတ်အထူးကုဆရာဝန်ကြီးများ၊ အငြိမ်းစားဆေးပညာရှင်ကြီးများ ပါဝင်သောအဖွဲ့ဖြင့် စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီတွင် ခွဲစိတ်ကုသမှုဆောင်ရွက်မည့် ရန်ကုန်ကလေးဆေးရုံကြီး၌ ပြောင်းရွှေ့၍ လိုအပ်သည်များပြင်ဆင်ခဲ့ပြီး ဇွန် ၁၁ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှု၊ ရန်ကုန်ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦး၏ ဦးဆောင်စီမံခန့်ခွဲမှုဖြင့် ခွဲစိတ်ကုသမှုအဖွဲ့ (၁) တွင် ရန်ကုန်ကလေးဆေးရုံကြီးမှ ကလေးခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာညိုညိုဝင်းနှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မေ့ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာဖုန်းမြင့် ခေါင်းဆောင်သောအဖွဲ့၊ ခွဲစိတ်ကုသမှုအဖွဲ့ (၂) တွင် ခုတင် (၅၅၀) ဆံ့ မန္တလေးကလေးဆေးရုံကြီးမှ ပါမောက္ခဒေါက်တာမြမြလှိုင်နှင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး မေ့ဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာမြစိုး ခေါင်းဆောင်သောအဖွဲ့၊ ပါမောက္ခ/ဌာနမှူး (ကလေးကျန်းမာ) ပါမောက္ခဒေါက်တာသဇင်မွန် ခေါင်းဆောင်သော ရန်ကုန်ကလေးဆေးရုံကြီးနှင့် ခုတင်(၅၅၀)ဆံ့ ရန်ကုန်ကလေးဆေးရုံကြီး (ရန်ကင်း) တို့မှ ကလေးအထူးကုအဖွဲ့၊ သူနာပြုအုပ် ဒေါ်မိုးယုယုခိုင် ခေါင်းဆောင်သော သူနာပြုများအဖွဲ့နှင့် အငြိမ်းစားကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးများ၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်မှ ပါမောက္ခ/ဌာနမှူး (ခွဲစိတ်) ပါမောက္ခဒေါက်တာမိုးမိုးတင်၊ ပါမောက္ခ/ဌာနမှူး (နှလုံးနှင့် သွေးကြောခွဲစိတ်) ပါမောက္ခဒေါက်တာဝင်းဝင်းကျော်နှင့် ပါမောက္ခ/ဌာနမှူး (အသည်းခွဲစိတ်) ပါမောက္ခဒေါက်တာစိုင်းအောင်ညွန့်ဦးတို့ စုပေါင်းအင်အားဖြင့် ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ယခုခွဲစိတ်ကုသမှုအပါအဝင် ရင်ချင်းဆက် အမြွှာခွဲစိတ်ကုသမှု ကိုးကြိမ်၊ မန္တလေးကလေးဆေးရုံကြီးတွင် သုံးကြိမ်ကို ပြည်ပပညာရှင်များ ပါဝင်ခြင်းမရှိဘဲ ပြည်တွင်းမှဆေးပညာရှင်များဖြင့် ခွဲစိတ်ကုသမှုပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
သတင်းစဉ်


