ဂျကာတာ ဇွန် ၁၀
အင်ဒိုနီးရှားနိုင်ငံ၌ ဆောင်ရွက်နေသည့် အစားအသောက်အခမဲ့ကျွေးမွေးရေးအစီအစဉ်တွင် အစားအသောက်အရည်အသွေးမြှင့်တင်ရေးနှင့် ဘတ်ဂျက်စနစ်တကျ သုံးစွဲရေးတို့ကို အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း အမျိုးသားအာဟာရအေဂျင်စီ အကြီးအကဲ နာနတ်အက်စ်ဒီယန်က ပြောကြားသည်။ ထို့ပြင် မိမိတို့အေဂျင်စီ၏ ဦးစားပေးလုပ်ငန်းတာဝန်များမှာ ဘတ်ဂျက်ပြုန်းတီးမှု လျှော့ချနိုင်ရေးနှင့် အစားအသောက်များကို လိုအပ်သည့်နိုင်ငံသားများထံ ရောက်ရှိရေးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဘတ်ဂျက်ပြုန်းတီးမှုမဖြစ်စေရေးအတွက် အခမဲ့အစားအသောက်များ ဖြန့်ဖြူးမည့် မီးဖိုချောင်သစ်များ ဆောက်လုပ်ခြင်းကို ခေတ္တရပ်နားထားမည်ဖြစ်ပြီး ပြည်တွင်းအခမဲ့အစားအသောက် လိုအပ်ချက်အပေါ်မူတည်၍ ကန့်သတ်ဆောက်လုပ်မည်ဖြစ်သည်။
အစားအသောက်လိုအပ်နေသည့် ကလေးများနှင့်ချို့တဲ့သူများကို အစားအသောက်များဖြန့်ဖြူးပေးမည်ဖြစ်ပြီး မီးဖိုချောင်များ၏ အရည်အသွေးကိုလည်း မြှင့်တင်စေပြီး လုပ်ငန်းဆောင်ရွက်စေမည်ဖြစ်ကြောင်း အဆိုပါအေဂျင်စီ၏ထုတ်ပြန်ချက်အရ သိရသည်။
ယင်းအစီအစဉ်သည် နိုင်ငံသားများအတွက် အကျိုးကျေးဇူးများရရှိစေသည့် အစီအစဉ်တစ်ခုဖြစ်လာခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ နိုင်ငံသားများ ကျန်းမာကြံ့ခိုင်ရေးနှင့် အာဟာရပြည့်ဝရေးတို့အတွက် အလေးထားဆောင်ရွက်နေကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


