အေးခိုင်စိုး(ပွင့်ဖြူ)

ယနေ့ခေတ် လူသားတွေရဲ့ နေ့စဉ်ဘဝမှာ ပလတ်စတစ်ပစ္စည်းတွေက မဖြစ်မနေအသုံးပြုနေရတဲ့ အရာတွေဖြစ်လာပါတယ်။ ရေဘူးတွေ၊ ပလတ်စတစ်အိတ်တွေ၊ အစားအစာထုပ်ပိုးပစ္စည်းနဲ့ တစ်ခါသုံးပစ္စည်းတွေကို နေရာတိုင်းမှာ အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။ သို့သော် ခဏတာအဆင်ပြေမှုတွေရဲ့ နောက်ကွယ်မှာ သဘာဝပတ်ဝန်းကျင်အတွက် အကြီးမားဆုံးပြဿနာတစ်ရပ် ပေါ်ပေါက်နေပါတယ်။ အဲဒီပြဿနာကတော့ ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်ညစ်ညမ်းမှုဖြစ်ပါတယ်။

သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေမှာ နှစ်စဉ် ပလတ်စတစ်တန်ချိန် သန်းပေါင်းများစွာဟာ မြစ်တွေ၊ ကမ်းရိုးတန်းတွေနဲ့ မြို့ပြအမှိုက်စနစ်တွေကတစ်ဆင့် ပင်လယ်သမုဒ္ဒရာအတွင်း စီးဝင်လျက်ရှိတယ်လို့ ဆိုထားပါတယ်။ အဲဒီပလတ်စတစ်တွေထဲက တစ်ခါသုံး ပလတ်စတစ်တွေ၊ ငါးဖမ်းကိရိယာတွေ၊ စက်ရုံအလုပ်ရုံတွေကစွန့်ပစ်အမှိုက်တွေနဲ့ အိမ်သုံးအမှိုက်တွေ ပါဝင်ပါတယ်။ ပလတ်စတစ်တွေဟာ သဘာဝအတိုင်း လွယ်ကူစွာမပျက်စီးနိုင်တာကြောင့် သမုဒ္ဒရာအတွင်းမှာ နှစ်ရာချီတည်ရှိနိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကြီးမားတဲ့ပလတ်စတစ်တွေကနေ microplastics လို့ခေါ်တဲ့ အလွန်သေးငယ်တဲ့ အမှုန်တွေအဖြစ် ပြိုကွဲသွားပြီး ရေထဲမှာ ပျံ့နှံ့ သွားပါတယ်။

ပင်လယ်သမုဒ္ဒရာတွေဟာ ကမ္ဘာပေါ်မှာ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် အရေးပါတဲ့သဘာဝစနစ်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိ အောက်ဆီဂျင် ၅၀ ရာခိုင်နှုန်း (တစ်ဝက်ခန့်)ကို ပင်လယ်သမုဒ္ဒရာတွေကထုတ်ပေးလျက်ရှိပြီး ကမ္ဘာ့ရာသီဥတုကိုလည်း ထိန်းညှိပေးပါတယ်။ ဒါ့အပြင် လူသားသန်းပေါင်းများစွာရဲ့ အစားအစာ၊ အလုပ်အကိုင်နဲ့ စီးပွားရေးလုပ်ငန်းတွေဟာလည်း ပင်လယ်သမုဒ္ဒရာတွေပေါ်မှာ မူတည်နေပါတယ်။ ဒီလိုအရေးပါလှတဲ့ ပင်လယ်သမုဒ္ဒရာတွေဟာ ယခုအခါ ပလတ်စတစ်ညစ်ညမ်းမှုကြောင့် အန္တရာယ်ကြီးမားစွာ ရင်ဆိုင်နေရပါတယ်။

သဘာဝစနစ်အတွင်း အလွန်အကျွံ တိုးပွားလာ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာရှင်တွေက “Planetary Boundaries”လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ လုံခြုံတဲ့ကန့်သတ်ချက်တွေကို သတ်မှတ်ထားကြပါတယ်။ အဲဒီကန့်သတ်ချက်တွေက လူသားတွေရဲ့လုပ်ဆောင်မှုတွေကြောင့် ကမ္ဘာ့သဘာဝစနစ်တွေ မပျက်စီးသွားစေဖို့ သတိပေးထားတဲ့ အကန့်အသတ်တွေဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်ညစ်ညမ်းမှုတွေက အထူးသဖြင့် “Novel Entities” နဲ့ “Biosphere Integrity” လို့ ခေါ်တဲ့ Planetary Boundaries တွေကို ထိခိုက်စေပါတယ်။ Novel Entities ဆိုတာက သဘာဝကမချေဖျက်နိုင်တဲ့ လူလုပ်ဓာတုပစ္စည်းတွေနဲ့ ပလတ်စတစ်တွေကိုဆိုလိုပြီး အဲဒီအရာတွေက သဘာဝစနစ်အတွင်း အလွန်အကျွံ တိုးပွားလာနေခြင်းဖြစ်ပါတယ်။ Biosphere Integrity ဆိုတာက သက်ရှိမျိုးစုံနဲ့ သဘာဝစနစ်ရဲ့ညီမျှမှုကိုဆိုလိုပြီး ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ပင်လယ်သမုဒ္ဒရာအတွင်းရှိ သက်ရှိတွေရဲ့ အသက်ရှင်နိုင်စွမ်းနဲ့ ecosystem balance ကို ထိခိုက်လာစေပါတယ်။

ဒါ့အပြင် ပလတ်စတစ်ထုတ်လုပ်မှုက fossil fuels တွေအပေါ် မူတည်နေတာကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့လည်း ဆက်စပ်နေပါတယ်။ စက်ရုံတွေက ထုတ်လွှတ်တဲ့ greenhouse gases တွေက ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ဖြစ်စေပြီး သမုဒ္ဒရာအပူချိန်၊ ပင်လယ်ရေ မျက်နှာပြင်နဲ့ ရာသီဥတုပြောင်းလဲမှုတွေကို ပိုမိုဆိုးရွားစေပါတယ်။ အဲဒါကြောင့် ပလတ်စတစ်ညစ်ညမ်းမှုဟာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတစ်ခုတည်းမဟုတ်ဘဲ ကမ္ဘာ့စနစ်တစ်ခုလုံးနဲ့ ဆက်နွှယ်နေတဲ့ sustainability challenge တစ်ခုဖြစ်လာနေပါတယ်။

ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ်ညစ်ညမ်းမှုရဲ့ သက်ရောက်မှုတွေက သဘာဝပတ်ဝန်းကျင်အပေါ်သာမက လူသားတို့ရဲ့ လူမှုရေးနဲ့ စီးပွားရေးဘဝများအပေါ်ပါ ကျယ်ပြန့်စွာ သက်ရောက်လျက်ရှိပါတယ်။ ပလတ်စတစ်အမှိုက်တွေကို ငါး၊ လိပ်၊ ငှက်တွေနဲ့ အခြားရေနေသတ္တဝါတွေက အစားအစာလို့ မှားယွင်းယူဆကာ စားသုံးမိတာကြောင့် အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒါ့အပြင် စွန့်ပစ်ထားတဲ့ ငါးဖမ်းပိုက်တွေနဲ့ ပလတ်စတစ်ကြိုးတွေကြောင့် ရေသတ္တဝါတွေ ပိတ်မိခြင်းနဲ့ ထိခိုက်ဒဏ်ရာရခြင်းတွေလည်း ဖြစ်ပွားလျက်ရှိပါတယ်။ Coral reefs တွေနဲ့ အခြား marine habitats တွေ ပျက်စီးလာတာကြောင့် သက်ရှိမျိုးစုံတွေရဲ့ ရှင်သန်နိုင်စွမ်း လျော့နည်းလာပါတယ်။

စီးပွားရေးအရလည်း သက်ရောက်မှုများစွာ ရှိပါတယ်။ ပင်လယ်ကမ်းခြေတွေ ညစ်ညမ်းလာတာကြောင့် ခရီးသွားလုပ်ငန်းတွေ ထိခိုက်လာပြီး ငါးဖမ်းလုပ်ငန်းတွေရဲ့ ထုတ်လုပ်မှုစွမ်းရည်လည်း ကျဆင်းလာနိုင်ပါတယ်။ ဒါ့အပြင် microplastics တွေက အစားအစာကွင်းဆက်အတွင်းကို ဝင်ရောက်လာပြီး လူသားတို့ စားသုံးတဲ့ ရေထွက်ပစ္စည်းတွေ ဖြစ်တဲ့ အစားအစာတွေမှာပင် တွေ့ရှိလာရပါတယ်။ အဆိုပါအခြေအနေ တွေက လူသားကျန်းမာရေးအပေါ် ရေရှည်အကျိုးဆက်တွေ ဖြစ်ပေါ် စေနိုင်တဲ့အတွက် သိပ္ပံပညာရှင်တွေက စိုးရိမ်လျက်ရှိပါတယ်။

အနာဂတ်မျိုးဆက်တွေအတွက် ကြီးမားတဲ့အန္တရာယ်တွေ ဖြစ်ပေါ်လာ

ယခုကဲ့သို့အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပါက အနာဂတ်မျိုးဆက်တွေအတွက် ကြီးမားတဲ့အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ပင်လယ်သမုဒ္ဒရာ ecosystem တွေ ပျက်စီးလာခြင်း၊ ငါးနဲ့ ရေထွက်အစားအစာတွေ လျော့နည်းလာခြင်း၊ microplastics တွေ အစားအစာကွင်းဆက်အတွင်း ဝင်ရောက်လာခြင်းတွေက လူသားတိုင်းရဲ့ ကျန်းမာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ထိခိုက်လာ စေနိုင်ပါတယ်။ တချို့သုတေသနပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ ၂၀၅၀ ပြည့်နှစ်မှာ ပင်လယ်သမုဒ္ဒရာအတွင်းရှိ ပလတ်စတစ်အလေး ချိန်ဟာ ငါးတွေရဲ့ အလေးချိန်ထက် ပိုမိုများပြားလာနိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါကြောင့် ပင်လယ်သမုဒ္ဒရာတွေကိုကာကွယ်ဖို့ လူတိုင်းရဲ့ တာဝန်ဖြစ်လာပါတယ်။ တစ်ခါသုံး ပလတ်စတစ်အသုံးပြုမှု လျှော့ချခြင်း၊ recycling ပြုလုပ်ခြင်း၊ အမှိုက်တွေကို စနစ်တကျစွန့်ပစ်ခြင်းနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်းတို့ဟာ အရေးကြီးတဲ့ ဖြေရှင်းနည်းတွေဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေက စဉ်ဆက်မပြတ် ရှင်သန်ရပ်တည်နိုင်ရေး မူဝါဒတွေ (sustainable policies) ချမှတ်ဆောင်ရွက်ဖို့လည်း လိုအပ် ပါတယ်။

ပင်လယ်သမုဒ္ဒရာတွေကို ကာကွယ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုသာ ကာကွယ်ခြင်းမဟုတ်ဘဲ လူသားတိုင်းရဲ့အနာဂတ် အသက်ရှင်မှုကို ကာကွယ်ခြင်းလည်းဖြစ်ကြောင်း လူတိုင်းနားလည် သဘောပေါက်ရန် အရေးကြီးလှပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ပင်လယ်သမုဒ္ဒရာအတွင်း ပလတ်စတစ် ညစ်ညမ်းမှုဟာ ရေနေသတ္တဝါတွေ၊ သဘာဝပတ်ဝန်းကျင်နဲ့ လူသားတို့ရဲ့ အသက်မွေးဝမ်းကျောင်းမှုတွေကို ခြိမ်းခြောက်နေတဲ့ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ ဒါ့အပြင် Planetary Boundaries တွေကို ကျော်လွန်စေနိုင်တဲ့ အန္တရာယ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ယနေ့ ကျွန်ုပ်တို့ရဲ့ အသုံးအဆောင်အလေ့အထတွေနဲ့ ပတ်ဝန်းကျင်အပေါ် တာဝန်ယူမှုတွေဟာ အနာဂတ်မျိုးဆက်တွေရဲ့ ဘဝအရည်အသွေးကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

ဒါကြောင့် တစ်ခါသုံးပလတ်စတစ်တွေ အသုံးပြုမှုကို လျှော့ချခြင်း၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ခြင်း၊ ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို ရွေးချယ်အသုံးပြုခြင်းနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်ကူညီခြင်းတို့ကို လူတိုင်းက စတင်ဆောင်ရွက်သင့်ပါပြီ။ ပင်လယ်သမုဒ္ဒရာကို ကာကွယ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်းသာမက လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ကာကွယ်တာလည်း ဖြစ်တယ်ဆိုတာ ရေးသားတင်ပြလိုက်ပါတယ်။ ။