နေပြည်တော် ဇွန် ၇

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ရှိ Telematic Solution Co., Ltd. ၏ Smart Meter ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာရာ တာဝန်ရှိသူများက စက်ရုံအတွင်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

 

ရှင်းလင်းမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကိုယ်ပိုင်အဆင့်မြင့်နည်းပညာသုံး တပ်ဆင်ထုတ်လုပ်ထားသည့် Smart Meter စနစ်ကို မြန်မာနိုင်ငံ၌ လက်ရှိအသုံးပြုနေသည့် စနစ်တွင် ပေါင်းစပ်အဆင့်မြှင့်တင်ရာ၌ လာရောက် ရင်းနှီးမြှုပ်နှံလိုသည့်အပေါ်  ကြိုဆိုပါကြောင်းနှင့် နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်းများ ပြုလုပ်လိုပါကြောင်း ပြန်လည် ဆွေးနွေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးအား Inter Rao Co., Ltd. မှ တာဝန်ရှိသူများက လာရောက်တွေ့ဆုံ၍ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ထုတ်လုပ်သည့် တာဘိုင်များအား စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ပြန်လည်ပြုပြင်နိုင်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သဘာဝဓာတ်ငွေ့လေလွင့်ဆုံးရှုံးမှုများ လျှော့ချနိုင်ရန်အတွက် တာဘိုင်များအားပြုပြင်ခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ နည်းပညာရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို လာရောက်လေ့လာရန် ဖိတ်ခေါ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်