ပုသိမ် ဇွန် ၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပုသိမ်မြို့ပေါ်ရှိ အများပြည်သူဆိုင်ရာ နေရာများတွင် အားကစားကွင်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ ပုသိမ်မြို့နယ် ရန်ကင်းတောင်နယ်မြေရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပသည့် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားပြီး ဘောလုံးများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ရန်ကင်းတောင် FC အသင်းနှင့် Arrow FC အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေး
ထို့နောက် ပုသိမ်မြို့ အမှတ်(၃) ရပ်ကွက် ကန်သုံးဆင့်သဲကွင်းတွင် ဖောက်လုပ်ထားသော ဘောလုံး အားကစားကွင်းနှင့် ဘော်လီဘော အားကစားကွင်းတို့၌ လူငယ်များ ဘော်လီဘော ကစားနေမှုကို လည်းကောင်း၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း များ၏ ဘောလုံးပြိုင်ပွဲများ ကျင်းပကာ ဘောလုံးယှဉ်ပြိုင်ကစားနေမှု ကိုလည်းကောင်း၊ ကန်သုံးဆင့် ပြည်ထောင်စုကွင်းတွင် ဖောက်လုပ်ထားသော ဘောလုံးအားကစား ကွင်းနှင့် ပိုက်ကျော်ခြင်းအားကစားကွင်း သုံးကွင်း၌ ဒေသခံလူငယ်များ လာရောက်ကစားနေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု အားပေးပြီး အားကစားပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


