နေပြည်တော် ဇွန် ၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ တောင်ငူမြို့ရှိ ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံတို့၌ တက်ရောက်ဆေးကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှု အားပေးသည်။
ဦးစွာ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ အဖွဲ့ဝင်များသည် တောင်ငူမြို့ အထွေထွေပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိကြရာ ခေတ္တဆေးရုံအုပ်ကြီး ဒေါက်တာစောသူရကြည်ဖေနှင့် ကျန်းမာရေးဝန်ထမ်းများက ကြိုဆို နှုတ်ဆက်ကြပြီး မျက်စိလူနာဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာဆောင်တို့၌ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသည့် ပြည်သူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားမှုတို့ကလိုက်လံကြည့်ရှုမေးမြန်းအားပေး စကားပြောကြားကာ စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ယခုဆေးရုံအား ခုတင်-၃၀၀ အဆင့်ဆေးရုံအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း၊ အခြား အခြေခံလိုအပ်ချက်နှင့် အထောက်အကူပြု ပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း၊ ဆေးရုံပတ်ဝန်းကျင်အတွင်း သန့်ရှင်းသာယာလှပစေရေး စဉ်ဆက်မပြတ်ဆောင်ရွက် သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ကြိုဆိုနှုတ်ဆက်
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် တောင်ငူမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံ သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတ နှင့် အဖွဲ့ဝင်များသည် ဆေးရုံတွင်တက်ရောက် ကုသမှုခံယူလျက်ရှိ သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာများရရှိခဲ့သော တပ်မတော်သားများအား တစ်ဦးချင်း လိုက်လံကြည့်ရှုအားပေး စကားပြောကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်သည်။
ပေးအပ်
အလားတူ နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် အဖွဲ့ဝင်များသည်လည်း ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူလျက်ရှိသည့် တပ်မတော်သား မိသားစုဝင်များ၏ ကျန်းမာရေး အခြေအနေများကို တစ်ဦးချင်း လိုက်လံကြည့်ရှုမေးမြန်းအားပေးစကားပြောကြားကာ စားသောက် ဖွယ်ရာပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ဆေးရုံအတွက်လိုအပ်ချက်များကို မေးမြန်းကာ လိုအပ်သည်များ လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


