ဇွန် ၅
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာယာနာပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ရာသီဥတု ဆိုးရွားမှုကြောင့် ကရိန်းပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူ တစ်ဦးက ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည်အိမ်နီးချင်း ဥတ္တရပရာဒေ့ရှ်ပြည်နယ် ဂျီဝါဒေသရှိ နိုအီဒါ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သွားလာဆက်သွယ်မှု ပိုမိုကောင်းမွန်စေရန် တံတားတစ်စင်း ဆောက်လုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရွှံ့နွံများနှင့် ချော်လဲလွယ်သော ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ရုတ်တရက် ကြီးမားသော ကရိန်းတစ်ခုသည် ဆောက်လုပ်ရေးလုပ်သားအချို့ အလုပ်လုပ်နေသော ကွန်တိန်နာတစ်ခုပေါ်သို့ ပြိုကျသွားခဲ့သည်။ ယင်းနေရာမှာပင် အလုပ်သမားသုံးဦးသေဆုံးခဲ့ပြီးတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


