နေပြည်တော် ဇွန် ၄

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးသည် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ ဦးသန်းထွတ်သိန်း တို့နှင့်အတူ ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်နှင့် မြိတ်ခရိုင်အတွင်းရှိ ၂ဝ၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော မြန်မာ အီလက်ထရောနစ် မဲပေးစက် (MEVM)များ ထိန်းသိမ်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေး

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ MEVM မဲပေးစက်ဆိုင်ရာကြီးကြပ်မှု ကော်မတီဝင်များနှင့်လည်းကောင်း၊ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မဲပေးစက်ဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ အတွေ့အကြုံများအပေါ် အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် မဲစာရင်းမှန်ကန်ရေးသည် အလွန်အရေးကြီးသည့်အတွက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ လစဉ် တိုက်ဆိုင် စစ်ဆေးရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် MEVM မဲပေးစက်များ ထိန်းသိမ်းထားရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မဲပေးစက်များသည် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်၍ ထိခိုက်ပျက်စီးမှုမရှိစေရေး အီလက်ထရောနစ် မဲပေးစက်စစ်ဆေး ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်း လမ်းညွှန်ချက်အတိုင်း အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်