နေပြည်တော် ဇွန် ၄

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး စာသင်ကျောင်းများကို ဇွန် ၁ ရက်မှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ 

 

သို့ရာတွင် PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်းစသည့် နည်းလမ်းမျိုးစုံအသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

 

ထိုသို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံအကြမ်းဖက်သမားများသည် ဇွန် ၃ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့၏ အရှေ့တောင်ဘက် မီတာ ၃၃၀၀ ခန့်အကွာမှနေ၍ Drone ယာဉ် နှစ်စင်းဖြင့် အမှတ် (၃) ရပ်ကွက် ရွှေအိုးကွင်းရပ်ရှိ အခြေခံပညာအထက်တန်းကျောင်းအနီးသို့ ဗုံးသီးလေးလုံးဖြင့် လာရောက်ပစ်ချတိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းအတွင်း အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသော အဋ္ဌမတန်းကျောင်းသား တစ်ဦးဖြစ်သည့် မောင်သူရနိုင် အသက် ၁၄ နှစ် (ဘ) ဦးရန်နိုင်အေးတွင် ယာလက်မောင်း ဗုံးသီးစ ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးသီးစထိမှန်၍ ဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝက်လက်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူစေလျက်ရှိသည်။ 

 

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးပစ်မှတ်နှင့် သက်ဆိုင်ခြင်းမရှိသည့်အပြင် နိုင်ငံတော်၏အနာဂတ် ပန်းကလေးများပွင့်လန်းရာ စာသင်ကျောင်းနေရာသို့ အသိတရားကင်းမဲ့စွာဖြင့် Drop Bomb ချတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်ခဲ့ခြင်းအတွက် ဒေသခံပြည်သူများအနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကျူးလွန်သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်