ဇွန် ၄

ပါကစ္စတန်နိုင်ငံတွင် ခရိုင် ၇၉ ခုတွင် မေလ ၁၈ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့သော အမျိုးသားအဆင့် ပိုလီယိုရောဂါတိုက်ဖျက်ရေးလှုပ်ရှားမှုအတွင်း ကလေး ၁၈ ဒသမ ၆ သန်းကျော်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

အရှေ့ပိုင်းပန်ဂျပ်ပြည်နယ်၊ တောင်ပိုင်း ဆင်းဒ်ပြည်နယ်၊ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ကွာ၊ အနောက်တောင်ပိုင်း ဘာလိုချီစတန်နှင့် အစ္စလာမာဘတ်မြို့တော်နယ်မြေများရှိ ရောဂါဖြစ်ပွားမှုများသော ခရိုင်များတွင် ကျန်းမာရေးဝန်ထမ်း ၁၆၃၀၀၀ ခန့်သည် ယင်းလှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြောင်း အစိုးရဦးဆောင်သော ပြည်သူ့ကျန်းမာရေး အစီအစဉ်တစ်ခုဖြစ်သည့် ပါကစ္စတန်ပိုလီယိုရောဂါ တိုက်ဖျက်ရေး အစီအစဉ် ပီအီးအိုင် (PEI) ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုသည် ၉၈ ရာခိုင်နှုန်းအထိ ရရှိခဲ့ပြီး၊ ပထမအကြိမ်တွင် ကာကွယ်ဆေး မထိုးနှံရသေးသော ကလေးငယ်များအနက် ၈၈ ရာခိုင်နှုန်းကိုလည်း နောက်ဆက်တွဲ အိမ်တိုင်ရာရောက် ထိုးနှံမှုများမှတစ်ဆင့် ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့သည်ဟု သိရသည်။

ပါကစ္စတန်သည် အိမ်နီးချင်း အာဖဂန်နစ္စတန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေပြီး တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ရန် ၎င်း၏ ၂၀၂၆ ခုနှစ် အမျိုးသားအရေးပေါ် လုပ်ဆောင်ချက်အစီအစဉ်ကို အပြီးသတ်လျက်ရှိကြောင်း ထိုအစီအစဉ်က ပြောကြားခဲ့သည်။

ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့သည် ပိုလီယိုရောဂါ ပျံ့နှံ့နေဆဲဖြစ်သော နိုင်ငံများအဖြစ် ဆက်လက်တည်ရှိလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို