နေပြည်တော် ဇွန် ၃
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် ဒုတိယ ထပ်အစည်းအဝေးခန်းမ၌ ဥပဒေကြမ်းပူးပေါင်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများအား တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပူးပေါင်းကော်မတီ နှစ်ရပ်သည် ပြည်ထောင်စုလွှတ်တော်၏ အဓိက လုပ်ငန်းတာဝန်ဖြစ်သော ဥပဒေပြဋ္ဌာန်းရေးလုပ်ငန်းကို အထောက်အကူပြုပေးနေသည့် အဓိကကော်မတီ များလည်းဖြစ်ပါကြောင်း၊ ယခုလို ပူးပေါင်းကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှုသည် လွှတ်တော်အစည်းအဝေးများတွင် ဥပဒေကြမ်းတစ်ခုချင်း၏ အကြောင်း အရာများ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သက်ရောက်မှုများကို အသေးစိတ်လေ့လာဆွေးနွေးရန် အချိန်လုံလောက်ခြင်းမရှိသည့်အတွက် လွှတ်တော်အတွင်း ကော်မတီများဖွဲ့စည်းပြီး ဥပဒေများကို အသေးစိတ် လေ့လာစိစစ်ကာ အကြံပြုချက်များ ဖော်ထုတ်ခြင်း၊ ဥပဒေကြမ်းပါအချက်အလက်များကို ခွဲခြမ်းစိတ်ဖြာခြင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်း များ၊ ပညာရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆွေးနွေးဆုံးဖြတ်ခြင်းများ စသည်တို့ကို အချိန်ယူ ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီများကို လွှတ်တော်အတွင်းမှ (Sub-Parliament) လွှတ်တော်ငယ်များဟု နိုင်ငံတကာက တင်စားခေါ်ဝေါ်ကြသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်များအနေဖြင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၂၇၊ ၁၂၈၊ ၁၂၉ နှင့်အညီ ကော်မတီ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များပါ ဥပဒေကြမ်းတစ်ရပ်ရပ်နှင့်စပ်လျဉ်းပြီး ကော်မတီက ပြင်ဆင်ရန်အကြံပြုချက်များ ပေးပို့ရာ တွင် ဥပဒေကြမ်းတွင်ပါရှိသည့် ကိစ္စနှင့်စပ်လျဉ်းသော အကျုံးဝင်သည့် အကြံပြုချက်များ ဖြစ်ရမည်ဖြစ်ပါကြောင်း။
ကော်မတီဝင်များသည် ကော်မတီအစည်းအဝေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လွှတ်တော်ဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိပါကြောင်း၊ ထူးခြားမှုအနေဖြင့် ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ ပေါက်ကြားခြင်းမရှိစေရေးနှင့် ယင်းအစည်းအဝေး မှတ်တမ်းများကိုလည်း ဖြန့်ဝေခြင်းများ မပြုရပါကြောင်း။
ဥပဒေကြမ်း ပူးပေါင်းကော်မတီအနေဖြင့် လွှတ်တော်နှစ်ရပ် သဘောတူညီသော ဥပဒေကြမ်း များမှလွဲပြီး အခြားဥပဒေကြမ်းများဖြစ်သည့် ပြည်ထောင်စုလွှတ်တော်တွင် စတင်ဆွေးနွေးသည့် ဥပဒေကြမ်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲထားသည့် ဥပဒေကြမ်း၊ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်နှင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း စသည့် ဥပဒေကြမ်းများအားလုံးကို မိမိတို့ကော်မတီမှ စိစစ်သုံးသပ်ပြီး သဘောထားမှတ်ချက် တင်ပြရမည် ဖြစ်ပါကြောင်း၊ လွှတ်တော်အတွင်း ဆွေးနွေးခြင်းမှ အစပြုပြီး ဥပဒေအဖြစ် ထုတ်ပြန်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတထံ ပေးပို့နိုင်သည်အထိ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း။
ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၀(ခ)အရ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်ရမည့် နှစ်စဉ် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ နှစ်စဉ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများကို အသေးစိတ် လေ့လာစိစစ်ခြင်း၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၁ အရ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များအရ ရငွေသုံးငွေများနှင့်စပ်လျဉ်းပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်၏ အစီရင်ခံစာအပေါ် စိစစ်ခြင်း၊ ထိုကဲ့သို့ စိစစ်ရာတွင် လွှတ်တော်သို့တင်ပြထားသည့် လျာထားရငွေများ ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ သုံးစွဲခွင့်ပြုထားသောငွေများကို သတ်မှတ် ထားသောကိစ္စအတွက် ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သုံးစွဲခြင်း ရှိ/မရှိ၊ ထိရောက်စွာ အသုံးပြု/မပြု၊ လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် လေလွင့်ပြုန်းတီးမှု၊ ယိုဖိတ်မှု၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊ အလွဲသုံးစားမှု ရှိ/မရှိ စိစစ်ခြင်းနှင့် လုပ်ငန်းဌာနသို့ သွားရောက် စစ်ဆေးရန် လိုအပ်ပါက နာယက၏ခွင့်ပြုချက်နှင့် ဆောင်ရွက်နိုင်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၏ အကြံပြုချက်များအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများက လိုက်နာဆောင်ရွက်မှုနှင့် ပတ်သက်ပြီး စိစစ်ရမည်ဖြစ်ပါကြောင်း။
ထို့ပြင် အမျိုးသားစီမံကိန်း၊ ဘဏ္ဍာငွေအရ အသုံး ဆိုင်ရာနှင့် အခွန်အကောက်ဆိုင်ရာ (၆ လပတ်၊ နှစ်ပတ်လည်) အစီရင်ခံစာများ၊ ချေးငွေဆိုင်ရာ အစီရင်ခံစာများကို အသေးစိတ်လေ့လာ စိစစ်ဆောင်ရွက်သည့် လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ယခုလို အသေးစိတ်လေ့လာစိစစ်ပြီးမှ လွှတ်တော်သို့ အစီရင်ခံစာပြုစုပြီး လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးရန် အခြေခံကျကျတင်ပြပေးနိုင်သည့် အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် နိုင်ငံတော်၏ ငွေကြေး၊ ဘတ်ဂျက်ဆိုင်ရာများကို အလေအလွင့်မရှိအောင် ဥပဒေများပြဋ္ဌာန်းပြီး ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ပူးပေါင်းကော်မတီဝင်များအနေဖြင့် မိမိတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိတိကျကျ နားလည်ရန်နှင့် လုပ်ပိုင်ခွင့်ထက် ကျော်လွန်ဆောင်ရွက်ခြင်းမျိုး မပြုလုပ်မိရန်လည်း သတိပြုရန်လိုအပ်ပါကြောင်း။
ပူးပေါင်းကော်မတီများအနေဖြင့် အထူးသတိပြုရမည်မှာ ဥပဒေကြမ်းများ၊ အစီရင်ခံစာများအပေါ် စိစစ်တင်ပြသည့်နေရာတွင် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ တာဝန်ရှိသူများကို ဖိတ်ခေါ်ဆွေးနွေး မေးမြန်းခြင်းသည် လွှတ်တော်၏ Over Sight လုပ်ငန်းဖြစ်ပြီး လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင်စေရေးအတွက် အချက်အလက်ရှာဖွေစုဆောင်းခြင်းသာ ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများကို အမှုစစ် သကဲ့သို့ စစ်ဆေးမေးမြန်းသည့် ပုံစံမျိုးမဖြစ်စေရန် ဂရုပြုဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယခုလို အရေးကြီးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ကြရမည့် ကော်မတီဝင်များအနေဖြင့် လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် အခြားဆက်စပ်ဥပဒေများ အားလုံးကို စေ့စေ့စပ်စပ် သေသေချာချာ လေ့လာ ပိုင်နိုင်ကြစေရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပူးပေါင်းကော်မတီနှစ်ရပ်၏ ဥက္ကဋ္ဌ၊ ဒုတိယနာယက Jeng Phang နော်တောင်က မိမိတို့ ပူးပေါင်းကော်မတီများသည် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းများကို အတည်ပြုပေးနိုင်ရေး၊ အမျိုးသားစီမံကိန်း၊ ဘတ်ဂျက်၊ အခွန်အကောက် ဆိုင်ရာများကို စိစစ်အတည်ပြုနိုင်ရေးအတွက် အကောင်းဆုံး အထောက်အပံ့ပေးရသည့် ကော်မတီ များဖြစ်ပါကြောင်း၊ ပူးပေါင်းကော်မတီများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ များတွင် ပြည့်ပြည့်စုံစုံ ရေးဆွဲဖော်ပြထားပြီးဖြစ်သည့် အတွက် ကော်မတီဝင်များအနေဖြင့် သေချာပိုင်နိုင်စွာ လေ့လာထားရှိရန် အကြံပြုပြောကြားလိုပါကြောင်း၊ မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် ငါးနှစ်တာကာလအတွင်း လုပ်ငန်းများကို ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် အမြဲတမ်း အတွင်းဝန်က တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်တွင် ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ချက်အပေါ် ပြည်ထောင်စုလွှတ်တော်နာယကက ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
သတင်းစဉ်


