ဇွန် ၁
တောင်ကိုရီးယားနိုင်ငံရှိ aerospace plant စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ဆိုးလ်မြို့တော်၏ တောင်ဘက် ၁၅၀ ကီလိုမီတာခန့်အကွာရှိ ဒယ်ဂျွန်မြို့ရှိ Hanwha Aerospace စက်ရုံတွင် ဖြစ်ပွားခဲ့ကြောင်း ယနေ့ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၉ မိနစ် (၀၁၅၉ GMT) တွင် အရေးပေါ်ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်ဟု သိရသည်။
ရဲတပ်ဖွဲ့က နိုင်ငံ၏ ထိပ်တန်းလေကြောင်းနှင့် ကာကွယ်ရေးကုမ္ပဏီ Hanwha Aerospace ၏ စက်ရုံတွင် မတော်တဆမှုတွင် လူ လေး ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုခဲ့သည်။
မီးသတ်ဌာနသည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၇ မိနစ်ခန့်တွင် အဆင့် ၁ အရေးပေါ် တုံ့ပြန်မှု (Level-1 Response) ကို ထုတ်ပြန်ခဲ့ပြီး မီးငြှိမ်းသတ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
ရဲတပ်ဖွဲ့နှင့် မီးသတ်အာဏာပိုင်များက ပေါက်ကွဲမှုသည် စက်ရုံ၏ ပထမထပ်တွင် အကြောင်းရင်း မသိရသေးဘဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ယူဆထားပြီး မတော်တဆမှု၏ တိကျသောအကြောင်းရင်းကို သိရှိရန် ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


