နေပြည်တော် မေ ၂၈

 

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ ရွှေတောင် ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်လျက်ရှိသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ်အဆောက်အအုံသစ် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

 

ရှင်းလင်းတင်ပြ

 

ထိုသို့ကြည့်ရှုစဉ် ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက နှစ်ထပ်အဆောက်အအုံသစ် ဆောက်လုပ်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်း များနှင့်အညီ မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေး ပြည့်မီစွာဆောင်ရွက်ရေး၊ မိုးရာသီမတိုင်မီ အုတ်မြစ် လုပ်ငန်းများကို အချိန်မီပြီးစီးရေး၊ အဆောက်အအုံတစ်ခုလုံးအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ခုံရုံးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ရုံးအဆောက်အအုံ သစ်တည်ဆောက်နေမှုနှင့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

 သတင်းစဉ်