နေပြည်တော် မေ ၂၇
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီး စေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို လုံးဝပြန်လည် အခြေချခြင်းမရှိစေရေး ထိထိရောက်ရောက် ရှာဖွေနှိမ်နင်းလျက်ရှိသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများ အပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချ လုပ်ကိုင်ခဲ့ကြသော ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများ အတွင်း အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများကို စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင် အဆောက်အအုံများကို ထပ်မံဆောင်ရွက်ခြင်းမပြုနိုင်စေရေးအတွက် အပြီးတိုင်ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည်လောင်းကစား လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံးကို အဆောက်အအုံအမျိုးအစား အလိုက် ယာဉ်ယန္တရားဖြင့် ဖြိုချဖျက်ဆီးမည့် အဆောက်အအုံ ၅၇ လုံး၊ ဖောက်ခွဲ၍ဖျက်ဆီးမည့် အဆောက်အအုံ ၂၀ ခွဲခြားသတ်မှတ်၍ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ယာဉ်ယန္တရားဖြင့်ဖြိုချဖျက်ဆီးရန် သတ်မှတ်ထားသည့် အဆောက်အအုံ ၅၇ လုံးအနက် လေးထပ် လူနေအဆောက်အအုံ သုံးလုံးကို ယာဉ်ယန္တရားများ အသုံးပြု၍ စနစ်တကျထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်းအဆောက်အအုံ ကိုးလုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ရာ ဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံ ၆၈ လုံး ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့အား ဆက်လက်၍ စနစ်တကျဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများ အပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


