မကွေး မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ် မြေစိုက်ပိုစတာဖွင့်ပွဲနှင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးပညာရေးမှူးရုံးရှေ့နှင့် မြို့တော်ခန်းမတို့၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကို၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ တက်ရောက်ကြပြီး မြေစိုက်ပိုစတာဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ မကွေးမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား ကျောင်းသူများက ကျောင်းအပ်ကြမယ် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဥယျာဉ်မှူးကိုယ်ပိုင်ကျောင်းမှ Grade-7 ကျောင်းသား မောင်လွင်သန့်ထူးအောင်နှင့် တယောအဖွဲ့က တိမ်တမန်၊ အလှကမ္ဘာမြေနှင့် မြန်မာ့ကျောင်း တေးသီချင်းများအား တယောဖြင့် ဖျော်ဖြေ တင်ဆက်သည်။
ယင်းနောက် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ထောက်ပံ့သော သင်ထောက်ကူ ပစ္စည်းနှင့် ကျောင်းသုံးပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


