ပေကျင်း မေ ၂၀
တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှားသမ္မတ ဗလာဒီမာပူတင်အား တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ မေ ၂၀ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုအတွင်း တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်ကို မြှင့်တင်ဆောင်ရွက်ရေးအတွက် နှစ်ဖက်ကြား သဘောတူညီခဲ့သည်။
ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက်ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်အဖွဲ့အစည်းတည်ထောင်ခြင်း နှစ်(၃၀)ပြည့်နှင့် တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် လက်မှတ်ရေးထိုးခြင်း (၂၅)နှစ်ပြည့် အထိမ်းအမှတ်ဖြစ်ကြောင်း တရုတ် သမ္မတရှီကျင့်ဖျင်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးသည် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများကို ခိုင်မာစွာ ဆက်လက်ထိန်းသိမ်း ထားခြင်း၊ အမြဲတမ်းမြင့်မားသော အဆင့်သစ်များသို့ တက်လှမ်းရန် စိတ်အားထက်သန်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ တရားမျှတမှုကို ကာကွယ်ခြင်း၊ လူသားမျိုးနွယ်အတွက် ခိုင်မာသော အနာဂတ်မျှဝေထားသည့် အသိုက်အဝန်းတစ်ခုတည်ဆောက်မြှင့်တင်ခြင်းတို့ကြောင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နှင့် ရုရှားတို့သည် တန်းတူညီမျှမှု၊ အပြန်အလှန်လေးစားမှု၊ ကောင်းမွန်သော ယုံကြည်ချက်နှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုတို့ကို အခြေခံ၍ ခေတ်သစ်အတွက် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြ ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နှင့်ရုရှားတို့အနေဖြင့် မဟာဗျူဟာကျသည့်အမြင်ဖြင့် သုံးသပ်ပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကို တရားမျှတပြီး ကျိုးကြောင်းဆီလျော်မှုရှိ စေရေးဆောင်ရွက် မည်ဟု ၎င်းက ပြောကြားသည်။
နှစ်နိုင်ငံစလုံးအနေဖြင့် အမျိုးသားဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်နိုးကြားရေး ရည်မှန်းချက်များကို အာရုံစိုက်သင့်ကြောင်း၊ တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှု၏ ပြည့်စုံပြီး ကောင်းမွန်စွာ တည်ဆောက်ထားသော ယန္တရားများကို အပြည့်အဝအသုံးချသင့်ကြောင်းနှင့် ကဏ္ဍအားလုံးတွင် ပူးပေါင်းဆောင်ရွက်မှုအတွက် အလုံးစုံစီမံကိန်းရေးဆွဲခြင်းကို အားကောင်းစေသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးကြား ရရှိခဲ့သည့် အရေးကြီးသည့် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။
နှစ်နိုင်ငံ ပူးတွဲကြိုးပမ်းဆောင်ရွက်မှုများအောက်တွင် ရုရှား-တရုတ်ဆက်ဆံရေးသည် မကြုံစဖူး ကောင်းမွန်သည့်အဆင့်သို့ ရောက်ရှိနေပြီး အဆင့်မြင့်ဖလှယ်မှုများနှင့် ခိုင်မာသောနိုင်ငံရေး အပြန်အလှန်ယုံကြည်မှုများရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
နှစ်နိုင်ငံကုန်သွယ်ရေး၊ အပြန်အလှန်အကျိုးရှိသော စွမ်းအင်ထောက်ပံ့မှုနှင့် သယ်ယူပို့ဆောင်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သိပ္ပံနှင့်နည်းပညာစသည့် ကဏ္ဍများတွင် အဆက်မပြတ် နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူချင်းဖလှယ်မှုများတွင် ကောင်းမွန်သော အရှိန်အဟုန်တို့ကို မြင်တွေ့ခဲ့ရကြောင်း သမ္မတဗလာဒီမာပူတင်က ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်-ရုရှား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်သည် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုရှိကြောင်းနှင့် ရုရှားနိုင်ငံသည် စာချုပ်၏ စိတ်ဓာတ်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကာ မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုနှင့် လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရန်အတွက် တရုတ်နိုင်ငံနှင့်လက်တွဲလုပ်ဆောင်ရန် အသင့်ရှိနေကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ


