ညောင်ရွှေ မေ ၁၀
၂၀၂၆ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း ဂုဏ်ပြုညစာစားပွဲနှင့် စခန်းသိမ်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၆ နာရီတွင် ကလောခရိုင် ညောင်ရွှေမြို့နယ် အင်းလေးခေါင်တိုင် လူရည်ချွန်စခန်း မြက်ခင်းပြင်၌ ကျင်းပသည်။
အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ဒသမတန်း ဘက်စုံပညာထူးချွန် ကျောင်းသား ကျောင်းသူ လူရည်ချွန်မောင်မယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး လူရည်ချွန်မောင်မယ်နှင့် တာဝန်ရှိသူများအား Crystal Trophy နှင့် တိုင်းရင်းသားရိုးရာဝတ်စုံ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် လူရည်ချွန်မောင်မယ်များကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ညောင်ရွှေမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက လည်းကောင်း၊ ကချင်ပြည်နယ် လူရည်ချွန်မောင်မယ်များက ဂျိန်းဖောအက၊ ရှမ်းပြည်နယ်မှ လူရည်ချွန်မောင်မယ်များက ၂၀၁၉ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် သီချင်းပြိုင်ပွဲ ပထမဆုရသီချင်းတို့ဖြင့် လည်းကောင်း ကပြဖျော်ဖြေကာ ဒေသခံအဆိုတော်များက တေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


