ပုသိမ် မေ ၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် သမဝါယမကဏ္ဍအနေဖြင့် (၂၀၂၆-၂၀၂၇) မိုးစပါး စီမံကိန်း လျာထားဧကများ အချိန်မီစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မေ ၆ ရက်က ကျင်းပသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စိုးမင်းက အမှာစကားပြောကြားပြီး (၂၀၂၆-၂၀၂၇)မိုးစပါးစီမံကိန်း လျာထားဧက ၃၅၀၀၀ အား အချိန်မီစိုက်ပျိုးနိုင်ရေး၊ တစ်ဧကအထွက်နှုန်း တိုးတက်စေရေး မြို့နယ်များအနေဖြင့် အသင်းသားတောင်သူများ လိုအပ်သည့် မျိုးကောင်းမျိုးသန့်/သွင်းအားစု စာရင်းကိုပြုစု၍ အချိန်မီပံ့ပိုးပေးနိုင်ရေးတို့ကို ညှိနှိုင်းဆွေးနွေးကြသည်။
ယခင်နှစ် မိုးစပါး ၃၂၆၂၆ ဧကအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး ယခုနှစ် မိုးစပါးလျာထားဧက ၃၅၀၀၀ အား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူ၍ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မေချို


