ပရီမီယာလိဂ်ပွဲစဉ်(၃၃) ရဲ့  ဧပြီ  ၁၉  ရက်  ညပိုင်း အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ မာဆေးဆိုက် ဒါဘီအဲဗာတန်အသင်းနဲ့   လီဗာပူးအသင်းတို့ပွဲစဉ်မှာ    လီဗာပူးအသင်းက အဲဗာတန်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ နီးစပ်လာခဲ့ပြီဖြစ်ပါတယ်။

အဲဗာတန်အသင်းနဲ့  လီဗာပူးအသင်းတို့ပွဲစဉ်မှာ  အိမ်ရှင် အဲဗာတန်အသင်းအတွက် သွင်းဂိုး  တစ်ဂိုးကို ဒုတိယပိုင်း ပွဲကစားချိန်   ၅၄  မိနစ်မှာ   ဘီတိုက   သွင်းယူပေးခဲ့တာဖြစ်ပြီး လီဗာပူးအသင်းအတွက် သွင်းဂိုးတွေကိုတော့  ပထမပိုင်းပွဲကစားချိန် ၂၉  မိနစ်မှာ မိုဟာမက်ဆာလာက တစ်ဂိုး၊ သာမန်ပွဲကစားချိန်အပြီး  နာကျင်အချိန်ပို  ၁၀  မိနစ်မှာ  နောက်ခံလူ ဗန်ဒိုက်က တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ်(၃၃) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၅၅ မှတ် စုဆောင်းနိုင်ခဲ့တာကြောင့် ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့်(၅)နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်အသင်းကတော့ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ် ၄၇ မှတ်သာ စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယား အဆင့်(၁၀)နေရာမှာ ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

အခြားသော ပွဲစဉ်တွေမှာတော့ အက်စ်တွန်ဗီလာအသင်းက ဆန်းဒါးလန်းအသင်းကို လေးဂိုး-သုံးဂိုး၊ နော်တင်ဟမ်ဖော့ရက်စ်အသင်းက ဘန်လေအသင်းကို လေးဂိုး-တစ်ဂိုး စသည်ဖြင့်  အသီးသီးအနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။                                                  

ငွေကြယ်