ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျောက်ကုန်းတောရ မေဒိနီစာသင်တိုက်ကြီး၏ ဦးစီးပဓာနမဟာနာယကဆရာတော်
သာ - သီ - ဓ၊ ဂဏဝါစက၊ ပါဠိပါရဂူ၊ ဝိနယပါရဂူ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ
သဒ္ဓမ္မဇောတိက၊ အဘိဓဇ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိက ဘဒ္ဒန္တကောဝိဒဓဇ ချီးမြှင့်တော်မူအပ်သော နှစ်ကူးမင်္ဂလာ နှုတ်ခွန်းဆက်တရားတော်

၁၃၈၇ ခုနှစ်ဟု  ဆိုအပ်သော  နှစ်ဟောင်းကုန်ပျောက်၍ ၁၃၈၈ ခုနှစ်ဟု   ဆိုအပ်သော နှစ်သစ်မင်္ဂလာသို့ ရောက်ရှိသည့် အချိန်အခါမှစ၍ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့၊   ယခုကဲ့သို့ မင်္ဂလာရှိသော နှစ်သစ်အခါသမယတွင် ဘုန်းကြီးတို့၏   နိုင်ငံတစ်ဝန်း  မှီတင်းနေထိုင်ကြသော သူတော်စင် ဒါယကာ၊ ဒါယိကာမအပေါင်း သူတော်ကောင်းတို့အား မေတ္တာ၊ ကရုဏာ၊ မုဒိတာ ၊ ဥပေက္ခာဟူသော ဗြဟ္မာတို့၏ နေခြင်းတရားလေးပါး၊ တစ်နည်းအားဖြင့်  အရိယာတို့၏  နေခြင်းတရား လေးပါးဖြင့် မင်္ဂလာရှိကြပါစေကြောင်း ရှေးဦးစွာ နှုတ်ခွန်းဆက်ကောင်းချီးမင်္ဂလာပြုပါသည်။

ဘုန်းကြီးအနေဖြင့် ပရိသတ်အပေါင်း သူတော်ကောင်းတို့အတွက် နှစ်ဟောင်းကိုနှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုသောအားဖြင့် ဓမ္မလက်ဆောင် အနည်းငယ်ပေးသွားမှာပါ။

ယနေ့သည် နှစ်ဟောင်းတစ်နှစ် ကုန်ဆုံးပြီး နှစ်သစ်တစ်နှစ်ကို ကြိုဆိုသည့် ထူးခြားသည့် အချိန် အခါသမယလည်းဖြစ်ပါသည်။ ဘုန်းကြီးတို့ကော၊  ဒို့ဒါယကာ၊ ဒါယိကာမတို့ပါ ဖြတ်သန်းနေကြရသည့် လူသားတို့၏ဘဝတွင်  ကာလဟူသော  “အချိန်” သည်  အလွန်တန်ဖိုးကြီးမားလှပါသည်။ ကုန်ပြီး သမျှ အချိန်ဟူသမျှ ပြန်မရနိုင်သော အရာတစ်ခုဖြစ်ကြောင်း လေးလေးနက်နက် စဉ်းစားသင့်ကြပါသည်။  ဘုရားရှင်၏  ဒေသနာမှာတော့  “ကာလော ဃသတိဘူတာနိ၊ သဗ္ဗာနေဝ သဟတ္တနာ။ ယောစ ကာလဃသော ဘူတော၊ သဘူတ ပစန် ပစိ” လို့ ဇာတကပါဠိတော်မှာ လာပါသည်။ အဓိပ္ပာယ်အနေနဲ့ အချိန်ကာလတရားဆိုတာ မိမိနဲ့အတူ အားလုံးကို တိုက်စားသွားနေသည်တဲ့။ ဒါကို အဖြောင့်ပါဠိ အနေနဲ့ “ကာလော ဂစ္ဆတိ၊ အာယု ခီယတိ” လို့လည်း သတိပေးတော်မူကြပါသည်။ ဒီအချိန်သည် တဖြည်း ဖြည်း လျော့လျော့သွားသည်တဲ့။ အသက်လည်း တစ်နေ့တစ်နေ့ တရွေ့ရွေ့ကုန်ဆုံးသွား ကြီးကြီးလာနေသည်တဲ့။ မိမိတို့ အသက်ထင်ရှားရှိစဉ် အချိန်မနှောင်းခင် လောကဓမ္မအကျိုးများ တိုးပွားအောင် ဆောင်ရွက်ရန် အသိ၊ သတိပေးခြင်းဖြစ်သည်။

ဤကဲ့သို့  အချိန်၏  သတ္တဝါတို့အား မစောင့်တတ်သည့် သဘောသဘာဝကို နားလည်ဆင်ခြင်တတ်သည့်အခါ ယခုကဲ့သို့ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုသည့် အချိန်ကာလအတွင်းဝယ် “ဘဝကို မည်သို့ အသုံးချမလဲ” ဟု ပြန်လည်စဉ်းစား ရပါမည်။

နှုတ်ဆက်သည့် နှစ်ဟောင်းအတွင်း ဖြတ်သန်းခဲ့ကြသည့် အပြုအမူများကို ပြန်လည်သုံးသပ်ကြည့်သောအခါ မကောင်းမှုများကို ပြုလုပ်ခဲ့မိကြသလား၊ မိဘဆရာသမား၊ မိသားစုများ၊ မိတ်ဆွေသင်္ဂဟများကို စိတ်မကောင်း ဖြစ်စေခဲ့သလား၊ ကိုယ့်စိတ်ကို ထိန်းသိမ်းနိုင်ခြင်းရှိခဲ့ရဲ့လား စသည်ဖြင့် စဉ်းစား ဆင်ခြင်၍၊ အကယ်၍ နှစ်ဟောင်းအတွင်း လိုအပ်ချက်များ ဖြည့်ဆည်းရမည်။ မကောင်းမှုလုပ်ခဲ့ပါက နောင်တရစရာများ ရှိခဲ့ပါက ကိုယ့်ကိုယ်ကိုယ်မညှာ တမ်းပြင်ဆင်ရမည်ဖြစ်ပါသည်။

နှစ်ဟောင်းအတွင်း ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့သူအချင်းချင်း မေတ္တာတရားနှင့် ဖြတ်သန်းခဲ့သည်။ အချင်းချင်း ခန္တီတရားဖြင့် သည်းခံနိုင်ခဲ့သည်ဟု စဉ်းစားဆင်ခြင်နိုင်ခဲ့ပါက ဤကောင်းမှုများကို နှစ်သစ်တွင်  ပို၍လုပ်ဆောင်နိုင်ရန် ကြိုးစားရမည်။ ဤနေရာမှာ ဘုရားရှင်ကိုယ်တော်တိုင် ဆုံးမ လေ့ရှိသော ဂါထာလေးဖြင့် နှစ်သစ်ဓမ္မလက်ဆောင်ကို ပေးချင်ပါသည်။

သဗ္ဗပါပဿ အကရဏံ၊

ကုသလဿပ သမ္ပဒါ။

သစိတ္တပရိယောဒပနံ၊

ဧတံ ဗုဒ္ဓါန သာသနံ။


သဗ္ဗပါပဿ အကရဏံ- မကောင်းမှုအားလုံးကို မပြုလုပ်ခြင်း။


ကုသလဿ ဥပသမ္ပဒါ- ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း။

သစိတ္တပရိယောဒပနံ- မိမိစိတ်ကို ဖြူစင်အောင် သန့်ရှင်းစေခြင်းတို့ ဖြစ်သည်။ ဒီနေ့မှစ၍  နှစ်သစ်အတွက် လက်တွေ့ကျင့်သုံးနိုင်ရန် -

၁။         မကောင်းမှုမှ ရှောင်ကြဉ်ရာတွင် ယခုဖြစ်ပျက်နေသည့်   လိမ်လည်ခြင်း၊  တစ်ဦးနှင့်တစ်ဦး မုန်းတီးခြင်း၊ လောဘဒေါသများ နည်းပါးအောင် ကျင့်ကြံ၍ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြရန် ကြိုးစားကြရပေမည်။

၂။         ကောင်းမှုတိုးပွားစေခြင်းအတွက် ဒါန-လှူဒါန်း ခြင်း၊ သီလ-ကိုယ်နှင့်နှုတ် စည်းကမ်းထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ဘာဝနာ- မိမိစိတ်ကို သိမ်မွေ့ အောင် အလေ့အထလုပ်ခြင်းတို့ဖြင့် ဖြတ်သန်းကြရန်ဖြစ်သည်။ အထူးသဖြင့် နှစ်ကူးအခါသမယတွင် မဖြစ်မနေ  ပွားများစေချင်သည့်တရားမှာ မေတ္တာဘာဝနာဖြစ်သည်။ မေတ္တာဘာဝနာတစ်ခုကို ပွားများဖြစ်သည်နှင့် ကျန်သည့် ဗြဟ္မဝိဟာရတရားများလည်း အလိုလိုကိစ္စပြီးမြဲဖြစ်သည်။

၃။         စိတ်ကို ဖြူစင်စေခြင်း၊ သန့်ရှင်းစေခြင်းအတွက် စိတ်ကောင်းစိတ်မြတ်များ မွေးမြူရေးပင်ဖြစ်သည်။ မေတ္တာစသော  ဗြဟ္မဝိဟာရတရားနှင့် ဖြတ်သန်း လေသောစိတ်သည် ဖြူစင်နေမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုနှစ်သစ်နေ့မှစ၍ အသစ်စတင်သည့် အချိန်အခါကို အခွင့်အရေးတစ်ရပ်သဖွယ် အသုံးပြု၍ မကောင်းမှုလျော့နည်းအောင်၊ ကောင်းမှု တိုးပွားအောင်၊ စိတ်ကိုသန့်ရှင်းအောင်  လေ့ကျင့်နိုင်ကြပါစေ။ နောက်ဆုံးအနေဖြင့် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ၊ လိုအင်ဆန္ဒပြည့်ဝကြပါစေ၊ တရားထူး တရားမြတ်များ ပြည့်စုံအောင် ကျင့်ကြံနိုင်ကြပါစေ။

မြန်မာနိုင်ငံတော်သူ၊ နိုင်ငံတော်သား အားလုံး -

မင်္ဂလိကာ သုခါ ဟောန္တု၊

လဒ္ဓဇယာ ပမောဒိကာ ဟောန္တု။