မကွေး ဧပြီ ၁၅
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့မဟာသင်္ကြန်အကြတ်နေ့ နံနက်ပိုင်းက မကွေးမြို့ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်၊ ဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းလျှောက်မဟာသင်္ကြန်မဏ္ဍပ်နှင့် စတုဒိသာ မဏ္ဍပ်များတွင် အများပြည်သူ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုနှင့် စတုဒိသာ သုံးဆောင်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများသည် မကွေးမြို့ ကမ်းနားလမ်း We Love Magway ကျောက်သားဥယျာဉ်အနီးရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်းအဖွဲ့များ၊ ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက ဧည့်ခံ ကပြဖျော်ဖြေခြင်းနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသော ယိမ်းအဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနများ၏ မဏ္ဍပ်များတွင် စတုဒိသာအဖြစ် မြန်မာရိုးရာအစားအစာများကို ကျွေးမွေးခြင်းနှင့်အတူ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် အေးချမ်းပျော်ရွင်စွာ ရေပက်ကစားကြသည်။
မြန်မာ့ရိုးရာယဉ်ကျေးမှု လမ်းလျှောက်မဟာသင်္ကြန်ပွဲတော်တွင် သနပ်ခါးယဉ်ကျေးမှု ဓလေ့အား လူသားမျိုးနွယ် ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို ဂုဏ်ပြုသောအားဖြင့် လာရောက်ရေကစားကြသူများအား မြန်မာ့ရိုးရာ သနပ်ခါး လိမ်းခြယ်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး ဗဟိုမဏ္ဍပ်၌ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ ပျော်ပျော်ရွှင်ရွှင် မြူးမြူးကြွကြွ ဖျော်ဖြေကြသည့်အတွက် သင်္ကြန်ချစ်သူ ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


